ရဟတ်ယာဉ်၀ယ်တာ၊ ငှားရမ်းတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုတွေကို စက်တင်ဘာလ ၆ ရက်နေ့က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ လူကယ်ပြန်၀န်ကြီးဌာနက အမြဲတမ်းအတွင်း၀န် ဦးကိုကိုနိုင်ကိုပဲ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာအသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယျယူအသုံး ပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော် သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆို ထားတာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးမောင်ဝိတ်ဆီကနေ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို နှစ်ခါခွဲပြီး လက်ခံတယ်လို့ စွပ်စွဲပြီး စွဲဆိုထားတဲ့ အဂတိနှစ်မှုကတော့ သက်သေမလာတဲ့အတွက် မစစ်ဆေးဖြစ်ဘူလို့လည်း သိရပါတယ်။
အဆိုပါ ရဟတ်ယာဉ်အမှုနဲ့ ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့ အဂတိမှုတွေကို နောက်အပတ် တနင်္လာနေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ ဆိုပါတယ်။