ကော်သူးလေ၊ ဖာပွန်(မူတြော်)ခရိုင်၊ KNLA တပ်မဟာ ၅ နယ်မြေအတွင်းကို CDM လုပ်အလင်းဝင်ရောက်လာသူ ယာယီတပ်ရင်းမှူးအပါအဝင် ၇၀ ဦးရှိတယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
စစ်ကောင်စီက မတရားအာဏာသိမ်းပြီး ပြည်သူတွေကိုအကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နေတာ၊ ပြည်သူတွေရဲ့ အိုးအိမ်စည်စိမ်းတွေကို မီးရှို့ဖျက်ဆီးတဲ့လုပ်ရပ်တွေကို မနှစ်မြို့တဲ့အပြင် ရှေ့တန်း ရောက်စစ်သည်တွေဟာ အနေဆင်းရဲ အစားဆင်းရဲပြီး နောက်တန်းကအထက်အရာရှိတွေက ဇိမ်ကျကျ နေထိုင်ကာ ပြည်သူကို ပြန်ဒုက္ခပေးနေတဲ့အပေါ် မနှစ်သက်တော့တဲ့အတွက် CDM လုပ်အလင်းဝင်ရောက်လာကြလို့ ဆိုပါတယ္။
၂၀၂၂ ခုနှစ်အတွင်း တပ်မဟာ ၅ နယ်မြေကို စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မနှစ်သက်တော့ တဲ့အတွက် ယာယီတပ်ရင်းမှူးအဆင့် ၁ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ တပ်စုမှူး ၁ ဦး၊ တပ်ကြပ်က ၄ ဦး၊ ဒုတပ်ကြပ် ၈ ဦးနဲ့တပ်သား ၅၂ ဦးစုစုပေါင်း ၇၀ ဦးအထိ CDM လုပ်အလင်းဝင်ရောက်လာတယ်လို့ တပ်မဟာ ၅ ရဲ့ပြုစုထားတဲ့ မှတ်တမ်းတွေအရ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေကို ကောင်းကောင်မွန်မွန် ကြိုဆိုလက်ခံနေကြောင်းလည်း တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
“ကျန်နေသေးတဲ့ စစ်သားတွေ ဒီဘက်ကိုရောက်လာရင် သူတို့ခေါင်းဆောင်တွေပြောသလို မဟုတ်ပါဘူး။ ကောင်းကောင်းမွန်မွန်ကြိုဆိုလက်ခံပြီးတော့ နွေးနွေးထွေးထွေးနဲ့ လက်ခံထားတယ်လို့ ပြောချင်တယ်။”
အခုလို ပြည်သူရင်ခွင့်ခိုလုံနိုလာသူတွေကို NUG နဲ့ချိတ်ဆက်ပေးပြီးသွားတဲ့သူတွေရှိသလို၊ လက်နက်ပါလာသူတွေအနေနဲ့ ရရှိတဲ့ချီးမြှင့်ငွေနဲ့ အသက်မွေးဝမ်းကြောင်းအတွက်ရပ်တည်ဖို့ ပြင်ဆင်နေသူတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် နိုင်ငံခြားထွက်ချင်သူတွေကို စီစဉ်ဆောင်ရွက်ပေးတာတွေရှိပြီး တဖက်မှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီးပြန်လည်တိုက်ခိုက်နေသူတွေရှိနေကြောင်း ပြောပါတယ်။