Home
ဆောင်းပါး
အခါတော်ပေး နိုင်ငံရေးအကြံပေးတွေအားကိုးနှင့် ပြာပုံရောက်တော့မည့် တို့တိုင်းပြည်
DVB
·
September 3, 2022

ခေတ်အဆက်ဆက်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် နေဝင်းက ၁၉၆၂ ခုနှစ်မှာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။ အဲဒီနောက်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအနေနဲ့ အုပ်ချုပ်တဲ့ ၂၆ နှစ်အတွင်း ငွေကြေးဖောင်းပွမှုတွေ တိုးတက်လာခဲ့ပါတယ်။ ဒီလို ငွေကြေးဖောင်းပွမှုတွေ တိုးတက်လာခဲ့တဲ့အချိန်မှာပဲ အစိုးရဟာ ငွေစက္ကူအချို့ကို တရားမဝင် ငွေစက္ကူတွေအဖြစ် သုံးကြိမ်သုံးခါ ကြေညာဖျက်သိမ်းခဲ့ပါတယ်။ အဲဒီလို ဖျက်သိမ်းမှုကပဲ သူ့အာဏာပါဝါကိုပါ ပြုတ်ကျသွားတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

အဲဒီအချိန်တွေတုန်းကလည်း နေဝင်းနံဘေးမှာ သူ့ကို အမြဲမြှောက်ပင့်ပေးနေတဲ့၊ အခါတော်ပေးတွေက ဝိုင်းဝိုင်းလည်နေကြတာ။ အဓိက အကြံပေးနေတဲ့သူတွေထဲမှာ ထင်ရှားတာက နိမိတ်ဖတ်၊ ဗေဒင်ရူး၊ ယတြာရူးတွေက ပိုပြီးသိသာတယ်။ သူ ဘာလုပ်လုပ် ယတြာအရပဲ လုပ်တာ။ နေဝင်းက ၁၉၈၈ မှာ အာဏာမဲ့တော့မှာကို သိတော့ သူ့ကို မြှောက်ပေးနေတဲ့ အခါတော်ပေးတွေ လုပ်ခိုင်းတဲ့အတိုင်း သူ့မွေးရပ်မြေ ပြည်မြို့ကို လာတယ်။ ရွှေဆံတော်ဘုရားပေါ်နဲ့ ဘောဘောကြီးဘုရားပေါ်တွေမှာ အောင်မြေဆိုပြီး အရင်ကသတ်မှတ်ပြီး မှေးမှိန်နေတဲ့ နေရာတွေကို ပြန်ဖော်ထုတ်ပြီး အောင်မြေလာနင်းတယ်။ ရွှေဆံတော်ဘုရားကို စောင်းတန်းကနေ ပြောင်းဖူးမီးဖုတ် ၂ ဖူးကို ကိုင်တက်တယ် (ပါးစပ်ကနေ၊ ပြုတ်ဖူး၊ ပြောင်းဖူးလို့) အသံထွက်ရွတ်ပြီး ဘုရားပေါ် ကိုတက်တယ်၊ ဘုရားပေါ်မှာ အောင်မြေ နင်းတယ် စတဲ့ ယတြာပေါင်း သောင်းခြောက်ထောင်ကို လိုက်လုပ်နေရင်းနဲ့ အချိန်တွေကုန်နေတယ်။

သန်းရွှေခေတ်-ခင်ညွန့်ခေတ်

သန်းရွှေခေတ်-ခင်ညွန့်ခေတ်မှာလည်း ဘာမှထူးမလာပါဘူး။ ထူးလာတာက ပြည်သူတွေ ပိုပြီး ငတ်ပြတ်လာခဲ့ကြတာ တွေ့ရတယ်။ မြန်မာငွေတန်ဖိုး လွန်စွာကျဆင်းလာခဲ့ပြီး အာဏာရှင် နေဝင်းကို ပြည်သူက ဖြုတ်ချနိုင်ခဲ့တယ်ဆိုပေမဲ့ သန်းရွှေက ဆက်လက်ပြီး မလိမ့်တပတ်နဲ့ အာဏာကို ဆက်ပြီးခဲထားတယ်။ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ဆိုပြီး နိုင်ငံရဲ့ အဓိက ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေကို နှစ်ရှည် နှစ်တို ထောင်တွေချထားပြီးမှ ရွေးကောက် ပွဲလုပ်တယ်။ ပြီးတော့ သူတို့ ဘောင်းဘီချွတ်တွေ ရွေးကောက်ပွဲ ရှုံးတယ်။ ရှုံးတော့ အာဏာအပ်ရမှာစိုးလို့ ရွေးကောက်ပွဲက အာဏာအပ်ဖို့အတွက် မဟုတ်ဘူး၊ ရွေးကောက်ပွဲ နိုင်သူတွေက အခြေခံဥပဒေရေးဆွဲဖို့ ရွေးချယ်တာဖြစ်တယ်ဆိုပြီး အာဏာမအပ်ဘဲ ဆက်ပြီး အုပ်ချုပ်တယ်။ နောက် အခြေခံဥပဒေ ရေးဆွဲတယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍ ထာဝစဥ်တည်မြဲရေးနဲ့ အချိန်မရွေး အာဏာသိမ်းလို့ရအောင် အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲတယ်။ (A to Z) Plan တွေချပြီး တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ စစ်တပ်က ဦးဆောင်မယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပါတီစုံ စစ်တပ်လွှတ်တော်ကြီး ပုံရအောင် ဒီဇိုင်းပြုလုပ်ထားပြီးမှ သိန်းစိန်လက်ထဲကို အာဏာလွှဲသွားတယ်။

အာဏာရှင် သန်းရွှေ လက်ထက်မှာ ထင်ရှားတာကတော့ ပြည်သူတွေ ငတ်ပြတ်နေတဲ့အချိန်မှာ သူ့သမီးရဲ့ (စိန်စီသောည) မင်္ဂလာဆောင်တခုက ထင်ရှားခဲ့ပြီး တတိုင်းပြည်သူ လေဘေး၊ ရေဘေးသင့်ပြီး ဒုက္ခရောက်၊ အသက်ဘေးကို လုနေတဲ့အချိန်မှာ ခပ်တည်တည်နဲ့ တတိုင်းပြည်လုံးရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ထောက်ခံကြတဲ့ အခြေခံဥပဒေကြီးကို အရှက်မရှိ အတည်ပြုလိုက်ပြီး တိုင်းပြည်ကို စစ်ကျွန်အောက်ကို တဖက်လှည့်နဲ့ ပြန်ထည့်ခဲ့လိုက်တာပါပဲ။

ထဘီဝတ်ယတြာ

၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုနေ့ကို ဗိုလ်ချုပ်တွေ ထဘီ (ကြိုးကြီးချိပ်ထဘီတွေဝတ်ပြီး တက်ခဲ့ဖူးတာ မှတ်မိသူတွေ မှတ်မိကြမှာပေါ့) အဲဒီနေ့က အဲဒီအခမ်းအနားကို သန်းရွှေတင်မက ပွဲလာတက်တဲ့ စစ်ဗိုလ်ချုပ်တွေ အားလုံးနီးပါး ထဘီတွေ ဝတ်လာခဲ့ကြတာလည်း ယတြာပေါ့။

(ကြက်ဆူ-ယတြာ)

၂၀၀၇၊ ရွှေဝါရောင်တော်လှန်ရေး မဖြစ်ခင်လေးမှာ သန်းရွှေရဲ့ ဗေဒင်ရူးတွေရဲ့ ပေါက်တတ်ကရ ဟောပြောမှုတွေကြောင့် လတ်တလော ဖြစ်လာနိုင်တဲ့ နိုင်ငံရေးအုံကြွမှု၊ သူတို့အာဏာမြဲမှုနဲ့ လတ်တလော မြန်မာ့နိုင်ငံရေးကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ရဖို့အတွက် တနိုင်ငံလုံး ကြက်ဆူပင် စိုက်ပျိုးရမယ်ဆိုပြီး အမိန့်တခု ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအချိန်တုန်းက နိုင်ငံပိုင်သတင်းစာတွေထဲကနေ ကြက်ဆူစေ့ကနေ ဘိုင်အိုဒီဇယ်ဆီ ထုတ်ယူဖို့အတွက် တနိုင်ငံလုံး ကြက်ဆူပင်တွေ စိုက်ပျိုးရမယ်၊ ခြံစည်းရိုး၊ လမ်းဘေးပါမချန် နေရာမလပ် တတိုင်းပြည်လုံး ကြက်ဆူပင်တွေနဲ့ ပြည့်နေအောင် စိုက်ပျိုးပြီး ယတြာချေခဲ့သေးတာကိုတော့ အခု အသက် ၂၀ ကျော်ရှိသူတွေ မှတ်မိကြမယ်ထင်ပါတယ်။

ဘုရားစေတီတွေပေါ်ထိ တက်လာတဲ့ယတြာ

၁၉၉၉ ခုနှစ်မှာ ရွှေတိဂုံစေတီတော်ကို အကြီးစား ပြင်ဆင်မွမ်းမံချိန်ဆိုပြီး လုပ်နေရင်းနဲ့ သန်းရွှေမျက်နှာနဲ့ ဆင်တူသော ကျောက်စိမ်းဘုရားဆင်းတုတော် တဆူထုပြီး ရွှေတိဂုံဘုရားရင်ပြင်၊ ပုညကုသလဗဟုကာရ တန်ဆောင်းအတွင်းမှာထားပြီး နိုင်ငံတကာ ခေါင်းဆောင်တွေကိုပါ ဘုရားပေါ်ခေါ်ပြီး ဖူးခိုင်းတာတွေ ကြားမိကြမှာပေါ့။

(သိန်းစိန်လက်ထက် ယတြာ)

နောက်ထပ်လည်း ၂၀၁၁ ခုနှစ် ဦးသိန်းစိန် လွှတ်တော် ပထဆုံးစတဲ့နေ့မှာ စတင်တည်လိုက်တဲ့ နေပြည်တော်၊ မင်းဝံတောင် စန္ဒာမုနိကျောင်းတိုက်အတွင်းက အာဏာတည်စေ၊ ပလ္လင်မြဲစေ၊ ရာထူးတိုးစေ၊ လွှတ်တော်မြဲစေ၊ ရန်‌‌ဝေး၊ ရန်ပယ်၊ ရန်နိုင်၊ ရန်ရှင်း၊ ဝင်းဝင်း၊ ဆိုပြီး စေတီလေးတွေ များစွာနဲ့ လောကီအစီအရင် ယတြာတွေနဲ့ ထုဆစ်ထားတဲ့ ကျောက်ဆင်းတု (ညာတင်ကုတ်) ရုပ်ပွားတော် ၁၀၉ ဆူဆိုရင် တော်တော်လေးကို သိသာပါတယ်။ အဲဒီအထဲမှာ လက်လိမ်ချိုးထားတဲ့ ပုံစံတွေ၊ မျက်နှာတော်တွေကအစ ဒီဘက်ခေတ် NLD ခေတ်ကျမှ ဖေ့စ်ဘွတ်ခ် တွေကတဆင့် လူသိများလာပြီး ၂၀၂၀ NLD အစိုးရလက်ထက်ကျမှ ပြန်ပြီး ပြင်ထားလိုက်ရတာကိုလည်း သတိပြုမိကြမယ် ထင်ပါတယ်။

(အောင်ကြည်-ယတြာ)

သန်းရွှေက ခေတ်အဆက်ဆက်က နိုင်ငံတကာ (Pressure-ဖိအား) UN Pressure တွေနဲ့ နိုင်ငံရေး (Tempo) တခုခု တက်လာပြီဆိုရင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ အလွှတ်ပြတာ၊ နေအိမ်အကျယ်ချုပ်လုပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံတာ၊ တခုခု ပြုပြင်ပြောင်းလဲတော့မယ့်ပုံစံ အသစ်သစ်တွေကို ဖန်တီးပြပြီး အဘက်ဘက်ရဲ့ ဖိအားတွေကို လျော့အောင် လုပ်တတ်ကြတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပြီးတော့ မြန်မာ့နိုင်ငံရဲ့ တော်လှန်ရေးအရှိန်က တဖန်မြင့်တက်လာခဲ့ပါတယ်။ အဲဒါကိုသိတော့ ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်ထံကို (ဦးအောင်ကြည်) ဆိုတဲ့ စစ်ဗိုလ်တယောက်ကို လွှတ်ပြီး တွေ့ဆုံညှိနှိုင်းတယ်ဆိုတဲ့ အထာတခု လုပ်ပြခဲ့ပါတယ်။ တကယ်က ဘာမှ မဟုတ်ပါဘူး (အောင်ကြည်- စုကြည် ယတြာ) ပါ။

“နေဝင်းခေတ်တုန်းက မန္တလေးမှာ ကံတလူဆရာသင်း ဆိုတဲ့ နက္ခတ်ဗေဒင်ဆရာ”

“နေဝင်းခေတ်တုန်းက မန္တလေးမှာ ကံတလူဆရာသင်း ဆိုတဲ့ နက္ခတ်ဗေဒ ဆရာတယောက်ရှိတယ်။ နေဝင်းက မန္တလေးကို ရောက်တိုင်း အဲဒီဆရာကို မန္တလေးမြို့က ရွှေကြီးမြင့်ဘုရားမှာ ခေါ်ခေါ်တွေ့နေကျ။ နောက် ရာထူးမြဲဖို့ အသက်ရှည်ဖို့တွေအတွက်လည်း အဲဒီဆရာက အမြဲ ယတြာတွေ၊ ဓာတ်ရိုက်ဓာတ်ဆင်တွေ လုပ်လုပ်ပေးရတယ်။ နောက် ၈၈ အရေးတော်ပုံ ဖြစ်လာတော့ ကံတလူဆရာသင်းက ဖြစ်တော့မယ်၊ ယတြာချေလို့ မရတော့ဘူးလို့ ပြောတဲ့အတွက် ဆရာသင်းကို မန္တလေးနန်းတွင်းထောင်ထဲကို ထည့်လိုက်တယ်။ နောက်တော့ ‌ဝေဒဆရာမြိုင် ဆိုတဲ့ လူတယောက်ကို သုံးလာတယ်။ အဲဒီလိုသုံးနေရင်းကနေ တခါက ဘုရားတဆူတည်ဖို့အတွက် အုတ်မြစ်ချဖို့လုပ်တော့ ‌ဝေဒဆရာမြိုင်က မင်္ဂလာအချိန်ကျပြီဖြစ်တာကြောင့် အုတ်မြစ်ချဖို့အတွက် “ဗိုလ်ချုပ်ကြီးခင်ညွန့် ဆင်းဖို့ အချိန်တန်ပါပြီ” လို့ ပြောမိလိုက်တဲ့အတွက် အဲဒီအချိန်မှာပဲ သူ့ကို ဆဲဆိုကြိမ်းမောင်းပြီး အခါတော်ပေးအဖြစ်ကနေ ထုတ်ပစ်လိုက်ပါတယ်။ အရေးယူ ဖမ်းဆီးတာ လုပ်လားဆိုတာတော့ မမှတ်မိတော့ဘူး။ အဲဒီနောက်မှာတော့ ဦးသန်းလှ ဆိုတဲ့ ဆရာတယောက် သူတို့ ထပ်ရှာတွေ့သွားတယ်။ သူက‌ ဝေဒအဖွဲ့မှာလည်း ပါတယ်။ ဦးသန်းလှကို ကိုးကွယ်ကြတယ်။ သူတို့အထဲမှာ စိန်လွင်ကလည်း ဗေဒင်ပညာတတ်တယ်။ ဦးသန်းလှက အေးနေဝင်းတို့ အမှုကိစ္စမှာ အခါပေးတယ်ဆိုပြီးတော့ ဦးသန်းလှကိုလည်း ထောင်ချပစ်လိုက်တယ်။ အဲဒါက ဒီဘက်ခေတ်ပေါ့။ နေဝင်း သားသမီးတွေ အဖမ်းခံရတဲ့အချိန်ပေါ့။ ဦးသန်းလှက ထောင်ထဲမှာလည်း အငြိမ်မနေဘူး။ အင်းစိန်ထောင်ထဲမှာလည်း ထောင်ထဲက ဘုရားတွေ ရွှေချ ဘာချ၊ စေတီလေးတွေတည် လုပ်နေတော့ အာဏာပိုင်က မျက်စိနောက်လို့ ထင်တယ်၊ သူ့ကို ထောင်ပြောင်းပစ်လိုက်တယ်။ ဘယ်ထောင် ရောက်သွားလဲ မသိတော့ပါဘူး။

ဒီဘက်ခေတ်မှာလည်း တွေ့တယ်မလား၊ ဝစီပိတ်ဆရာတော်တို့ အပါအဝင် ဆရာတော်တချို့က ဗေဒင်၊ ယတြာတွေ လုပ်ပေးတဲ့အခါကျတော့ (မအလ) က ဝစီပိတ်ဆရာတော်ကို ကိုးကွယ်ပြီး ဓာတ်ရိုက်ဓာတ်ဆင်တွေ လုပ်တယ်၊ အခါတွေပေးတယ်။ ဒါပေမဲ့ သူတို့ နားမလည်လိုက်တာက နက္ခတ်ကို မကျွမ်းကျင်ဘူး၊ နက္ခတ်သဘောမှာက ဖေ‌ဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်လောက်မှာ စပြီးတော့ မက္ကာရရာသီမှာ ဂြိုဟ် ၇ လုံး ပူးသွားတယ်။ အဲဒီ ပူးတဲ့အထဲမှာ အင်္ဂါဂြိုဟ်က မိဿရာသီမှာပဲ ရှိတယ်။ ပြည်သူနဲ့ဆိုင်တဲ့ စနေဂြိုဟ်က တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ ဆိုပြီးတော့ မကာရရာသီမှာပဲ ကျန်ခဲ့တယ်။

အဲဒီအချိန်မှာ ဗေဒင်ပညာရှင် ဆရာကြီးတယောက်က မသိမသာနဲ့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ တင်ထားတာ တခုကိုလည်း တွေ့ရတယ်။ အဲဒါက စစ်ဖက်နမ်ဖြစ်တဲ့ အင်္ဂါက မိဿရာသီ ရောက်နေတယ်၊ ထိပ်ဆုံးကိုရောက်နေပြီး ပြည်သူဖြစ်တဲ့ စနေဂြိုဟ်နဲ့ အတူ မယှဉ်တွဲတဲ့အခါကျတော့ မအလ က အာဏာပဲသိမ်းတာ၊ ပြည်သူကို ထိန်းချုပ်လို့ မရနိုင်ခဲ့ဘူး။ အဲဒါလက်တွေ့ပဲ။ ဒါပေမဲ့ ဝစီပိတ်ဘုန်းကြီးက ဘယ်လို ဓာတ်ဆင်ဓာတ်ရိုက် ပေးလိုက်လဲ မသိဘူး။ မအလတော့ ဒုက္ခရောက်တော့တာပဲ။ မအလက ရာဇပလ္လင်မှာသာ ဆောင့်ကြောင့်ထိုင်နေတာ၊ တနေ့မှလည်း စိတ်မအေးရသလို ဘာကိုမှ ထိန်းချုပ်လို့ မရနိုင်ခဲ့ဘူး။

၁၉၆၂ ခုနှစ်ကလည်း ဒီလိုပဲ မက္ကာရရာသီမှာ အခုလိုပဲ ဂြိုဟ်ကြီး ၈ လုံး ပူးခဲ့တာပဲ။ အဲ့ဒီတော့ အဲဒီအချိန်က ပျဉ်းမနားက ဗေဒင်ဆရာကြီး ဦးသန်းမောင်က ဦးနုကို ၄၅ ရက် ဘဝပြောင်းပါတဲ့။ ဆိုလိုတာက ဘုန်းကြီးဝတ်ခိုင်းတာပေါ့။ ဒါပေမဲ့ ဦးနုက ဘာသာရေးကလွဲရင် ဘာကိုမှမယုံဘူးဆိုပြီး ငြင်းပယ်လိုက်တော့ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းခံလိုက်ရတယ်။ အခုလည်း မအလက အခုလို မက္ကာရရာသီမှာ ဂြိုဟ်တွေပူးလာတဲ့အချိန်မှာ သူက ၄၅ ရက်ကို စောင့်ပြီး တခုခုလုပ်ရမှာ၊ နေဝင်းတုန်းကတော့ လည်တယ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပူးတော့ မတ်လ ၂ ရက်မှာ အာဏာကောက်သိမ်းပစ်လိုက်တာ။ မအလ ဖေဖော်ဝါရီ ၂ ရက်မှာ ပူးတယ်၊ ပူးတာနဲ့ကို ကောက်သိမ်းပစ်လိုက်တော့ သူက ခရီးဆုံးတဲ့အချိန်အထိ သူ ဒုက္ခရောက်မှာပဲ။ ဗေဒင်တို့၊ ယတြာတို့၊ ဓာတ်ရိုက်ဓာတ်ဆင်တို့ ဆိုတာက နက္ခတ်လောက် မသေချာဘူး။ အခုလည်း သူ ကိုးကွယ်နေတဲ့သူတွေက သူ့ကို အခါပေးမှားသွားတာ၊ မအလ ဘယ်တော့မှ လူမွေးလူတောင်တောင် မပြောင်နိုင်ဘူး။ နောက်ဆုံး နေဝင်း နေဝင်ချိန် သူ့အသုဘမှာ လူ ၄-၅-၆ ယောက်လောက်နဲ့ တိတ်တဆိတ် အသုဘချရသလိုမျိုး မအလလည်း အဲဒီအတိုင်း နိဂုံးချုပ်လိမ့်မယ်လို့ ကျိန်းသေပြောလို့ရတယ်လို့ နက္ခတ်ပညာရှင်တယောက်က ပြောပါတယ်။

(မင်းအောင်လှိုင်ရဲ့ ယတြာများ)

လတ်တလော အာဏာသိမ်း မင်းအောင်လှိုင်က လက်တွင်ချည်ထားတဲ့ လက်ဖွဲ့ကြိုးတချောင်း ချည်နှောင်ထားသည့် မြင်ကွင်းကို ကြည့်ရုံနဲ့ သူလည်း ဘယ်လောက်တောင် အဆောင်၊ ယတြာတွေရဲ့ ကျေးကျွန် ဖြစ်နေလဲ ဆိုတာကို တွေ့ရမှာပါ။ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသခဲ့ကြတဲ့ လူငယ်တွေကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်ခတ်နေချိန်တုန်းကလည်း မှတ်မိကြမှာပါ။ သူတို့ဘက်ကထွက်လာတဲ့ အသံတသံဟာ (ခေတ်ကို ပြောင်းချင်ရင် ခေါင်းကိုပစ်) ဆိုတဲ့ ကက်ကင်းဆန်ဆန် စကားရပ်က လူထုကြား ပျံ့နှံ့ခဲ့သလို လက်တွေ့တွင်လည်း ဆန္ဒပြသူများရဲ့ ဦးခေါင်းတွေကိုသာ ချိန်ရွယ်ပစ်ခတ် သတ်ဖြတ်မှုတွေ ပြုလုပ်လာခဲ့တာ အားလုံး အမြင်အတွေ့ပဲ။

သူ အာဏာသိမ်းပြီး ဖေဖော်ဝါရီလထဲမှာပဲ မကွေးတိုင်း မင်းဘူးမြို့နှင့် ၁၃ မိုင်ခန့်ဝေးတဲ့ ပွင့်ဖြူမြို့နယ်၊ သက်သာပန်းတောင်းရွာငယ်လေးမှာ သက်သာပန်းတောင်းဘုရားကို စကြာပန်းတောင်းဘုရားလို့ သမုတ်ပြီး ထီးအသစ်တင်ပြီး ယတြာခြေတာ။ အောင်မြေအဖြစ် ထိုစေတီပရိဝုဏ်အတွင်းမှာ ပလ္လင်ခံထားသည့် အင်းကွက်၊ နဂါး၊ ဟင်္သာ၊ မနုသီဟ၊ ဆင် စသည့် အရုပ်တွေထည့်တာ။

ဝစီပိတ်ဆရာတော်နဲ့အတူ “ထီးလိုမင်းလို” ဘုရားကို ထီးတင်ကြတာ။ ရွှေဘိုမြို့ အောင်မြေဘုရားသို့ သွားပြီး အောင်မြေနင်းခဲ့တာ။ ဗိုလ်မှူး၊ ဗိုလ်ချုပ်ကတော်တွေကို နေကြာပုံပါတဲ့ အင်္ကျီ၊ ထဘီဝမ်းဆက်တွေ ချုပ်ဝတ်ခိုင်းတာ၊ နဂါးပွက်(ရွှံ့မီးတောင်) တောင်ကိုသွားပြီး နွားနို့တိုက်တာ၊ တနိုင်ငံလုံးမှာ နဂါးရုံဘုရားတွေ လိုက်တည်နေတာ။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ စေတီတွေ၊ ဘုရားတချို့ကို ရှိပြီးသား ထီးတွေချပြီး စတီးထီးတွေ လိုက်တင်တာ၊ စတဲ့ ယတြာကက်ကင်းတွေရဲ့ အဆိုတွေ၊ ဗေဒင်၊ အကြားအမြင်တွေရဲ့ အမိန့်တွေအတိုင်း လိုက်လုပ်နေရင်း ဘာမှ မလုပ်ရဲတာ မရှိဘူးလို့ တရားဝင် ထုတ်ဖော်ပြောပြီး လုပ်ချင်ရာကို လုပ်ရင်း တိုင်းပြည်က တဖြည်းဖြည်းနဲ့ လုံးပါးပါးလာကာ မင်းအောင်လှိုင် အစုအဖွဲ့လေး တဖွဲ့အတွက် ရှင်သန်ဖို့ အားလုံးက စတေးပေးနေရတဲ့ အခြေအနေကို ရောက်နေတာကို ဝမ်းနည်းစွာ တွေ့နေရပါပြီ။

အာဏာရှင် နေဝင်းဟာ မဟာဝိဇယစေတီကို တည်သလို သန်းရွှေကလည်း အင်းစိန် ကျောက်တော်ကြီးဘုရား၊ နေပြည်တော် ဥပ္ပါတသန္တိ စတဲ့ စေတီတွေကို တည်ခဲ့ပြီး စစ်ထောက်လှမ်းရေး ခင်ညွန့်ကလည်း ဦးသန်းရွှေနဲ့အတူ ရွှေတိဂုံထီးတော်သစ်တင်တာ၊ ပုဂံက ဓမ္မရာဇကစေတီ ထီးတင်တာ၊ စွယ်တော်ဘုရားတည်တာနဲ့ တခြား စေတီပုထိုး အတော်များများကို ထီးတော်တင်တာ၊ မွမ်းမံတာတွေ ပြုလုပ်ခဲ့ကြပြီး မင်းအောင်လှိုင်က ထီးလိုမင်းလိုဘုရားနဲ့ သက်သာပန်းတောင်းဘုရားတွေအပြင် မင်းအောင်လှိုင်က ကမ္ဘာမှာ ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် ကျောက်ဆစ်ဆင်းတုတော်ကြီးတဆူကိုလည်း နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ တည်ဆောက်နေကာ လူတွေ သတ်ခဲ့သမျှ အပြစ်တွေအတွက် ဘုရားကု ယတြာတွေ ချေနေကြပါတယ်။

ဘညို

Ref: စာရေးဆရာတင်ညွန့် ရေးသားသည့် 'ဦးသန်းရွှေ၏ ယတြာများနှင့် အခြားစိတ်ဝင်စားဖွယ် အဖြစ်အပျက်များ'

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024