မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ နှစ်ယောက်ကို ဒီကနေ့ စက်တင်ဘာ ၂ ရက် မနက်ပိုင်းက အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တနှစ်စီ ချမှတ်လိုက်ပါတယ်။
စစ်ကောင်စီက စက်တင်ဘာ ၁ ရက်က ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ နှစ်ယောက်အပေါ် တရားစွဲဆိုထားတဲ့အမှုကို အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှာ ကြားနာစစ်ဆေးခဲ့တာလို့ အကျဥ်းဦးစီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။
“မနေ့ကစစ်ဆေးတယ်။ ဒီနေ့ အမိန့်ချတာပါ။ နှစ်ဦးစလုံးကို အလုပ်နဲ့ထောင်ဒဏ် တနှစ်စီ ချလိုက်တာပါ။”
စစ်ကောင်စီက ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ နှစ်ယောက်ကို ဩဂုတ် ၂၄ ရက် ညပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်မှာ ဖမ်းဆီးခဲ့ပြီးနောက် လဝကအက်ဥပဒေ ပုဒ်မ ၁၃ (၁)၊ ၁၃ (၅) နဲ့ တရားစွဲဆိုခဲ့တာပါ။
ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ကိုထိန်လင်းတို့နှစ်ယောက်ဟာ ၂၀၂၁ ခုနှစ် မေ ၄ ရက်ကနေ သြဂုတ် ၉ ရက်အထိ ရှမ်းပြည်နယ် ကလောမြို့နယ်မှာ နေထိုင်ခဲ့ပြီး ရန်ကုန်ပြန်ရောက်ချိန် လိပ်စာပြောင်းဖို့ ပျက်ကွက်လို့ ဖမ်းဆီးရတာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ စစ်ကောင်စီက ထောင်ဒဏ်အပြစ်ပေးခဲ့တဲ့ ဗြိတိန်သံအမတ်ကြီးဟောင်းဟာ နိုင်ငံရေးလောကနဲ့ စီးပွားရေးအသိုင်းအဝိုင်းမှာပါ လူသိများသူတယောက် ဖြစ်သလို ခင်ပွန်းဖြစ်သူ ကိုထိန်လင်းမှာလည်း နိုင်ငံရေးအကျဥ်းသားဟောင်းဖြစ်ပြီး ပန်းချီပညာရှင်လည်း ဖြစ်ပါတယ်။