ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အမှတ် ၃ ရပ်ကွက်မှာ စက်တင်ဘာ ၁ ရက် ညနေပိုင်းက ရာအိမ်မှူးတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရာအိမ်မှူးတယောက်ဖြစ်တဲ့ ဦးဇော်လင်းဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ပြန်လာစဉ် အမည်မသိ သေနတ်သမားက သေနတ်နဲ့ နှစ်ချက်ပစ်ခတ်သွားတဲ့အတွက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတယောက်က “ရာအိမ်မှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကအပြန် ညနေ ၄ နာရီကျော်လောက်မှာ အပစ်ခံရတာ။ နှစ်ချက်ပစ်သွားတယ်။ ချက်ချင်းတော့ မသေဘူး။ ဆေးရုံခေါ်သွားတော့မှ လမ်းမှာသေတာ။ ဘယ်သူပစ်လဲတော့ မသိရဘူး” လို့ ပြောပါတယ်။
ရာအိမ်မှူး ဦးဇော်လင်းကို အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့လို့ ရင်ဘတ်နဲ့ ကျောကုန်းမှာ ကျည်ထိမှန်ခဲ့ပြီး ဆေးရုံကိုပို့ဆောင်စဉ် သေဆုံးခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန် ၉ ရက်ကလည်း အမှတ် ၂၀ ရပ်ကွက် ရာအိမ်မှူး ဝင်းဇော်ကို အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။