သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်အမှုကို စက်တင်ဘာ ၁ ရက်က နေပြည်တော်အချုပ်ထောင်အတွင်းရှိ သီးသန့်အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) တို့နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာ အမှုတွဲပါ ဝန်ကြီးဦးစိုးဝင်း (စီမံ/ဘဏ္ဍဝန်ကြီး) ကို စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းမှာ ဦးဆက်အောင်ကို စစ်ဆေးမယ်လို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) အတွက် အမှုတွဲပါသူတွေကို အားပေးကူညီမှုနဲ့ စွဲချက်တင် အမိန့်ချကာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးတာလည်း ပြီးပြီဖြစ်လို့ စွပ်စွဲခံတွေဖြစ်တဲ့ ရှောင်တာနယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နဲ့ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို ရုံးချိန်းတပတ်ကို တယောက်စီ စစ်ဆေးနေတာ ဖြစ်ပါတယ်။