Home
ဆောင်းပါး
ပြည်သူ့အုပ်ချုပ်ရေးနယ်မြေတွေမှာ ဘာတွေပြင်ဆင်ရမလဲ
DVB
·
September 1, 2022

( ၁ )

နွေဦးတော်လှန်ရေးကြီးမှာက ရာစုနှစ်ဝက်ကျော် ဖိနှိပ်ခံရမှုအတွက် မသိစိတ်က ပုန်ကန်ချင်တဲ့ လူအစုရယ်၊ အာဏာသိမ်းမှုကို မျက်မြင်ဒိဋ္ဌ တွေ့လိုက်ရမှာ မခံချင်တဲ့လူအစုရယ်၊ ဖားတပိုင်း ငါးတပိုင်း ဒီမိုကရေစီလေးရခဲ့ပြီး အဲဒါလေးပါ ဆုံးရှုံးသွားတဲ့ လူငယ်အစုရယ် ပေါင်းပြီး ဝေါခနဲ ထွက်ကျလာတဲ့ တော်လှန်ရေးကြီးပါ။

တိုက်ပွဲတိုင်းမှာ အဆင့် ၃ ဆင့်လို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ နံပါတ်တစ်က ဆန္ဒထုတ်ဖော်တာပါ။ ဆန္ဒထုတ်ဖော်တာက ကိုယ့်အလုပ်ကိုယ် လုပ်မြဲလုပ်နေရင်းက ပေါ်ပေါ်တင်တင် ထုတ်ပြောတာပါ။ မကြိုက်ဘူး ဆင်းပေါ့။ ဒုတိယအဆင့်ကတော့ သပိတ်မှောက်ပါပြီ။ “တိုင်းပြည်မနာရအောင် အလုပ်လုပ်ရင်း ပြောနေတာ မရဘူးလား။ အေး ဒါဆို ဘာမှမလုပ်ဘူးကွာ၊ ယန္တရားတွေ အကုန်ရပ် ဒါသပိတ်ပဲကွ” ဆိုတဲ့ ဒုတိယအဆင့်ပါ။ တတိယအဆင့်ကတော့ သိတဲ့အတိုင်းပဲ “ရရင်ရ မရရင်ချ” ပေါ့။ လက်နက်စကိုင်ပြီလေ။ ရရာလက်နက်ပေါ့။ ဒါက တိုတိုတုတ်တုတ် မြင်သာအောင် ပြောပြတာပါ။

ခုဟာက တတိယအဆင့် ဒုတိယအပိုင်းလောက်ကို ရောက်နေပါပြီ။ ဒီတော့ကာ လူထုရဲ့ ပါဝင်မှုရော၊ လူငယ်တွေရဲ့ မခံချင်စိတ်ရောကြောင့် တချို့သောဒေသတွေကို အညိုရောင်နယ်မြေ သတ်မှတ်နိုင်ခဲ့ပြီပေါ့။ ကိုယ်ချည်း စိုးမိုးနေတာတော့ မဟုတ်ဘူး။ ရန်သူလာရင် ဖယ်ပေးပြီး ပြောက်ကျား ပြန်ဆော်လွှတ်ရတာပဲ။ တခု ကြုံတုန်း ထည့်ပြောချင်တာက တိုက်ပွဲကို တကယ်နိုင်ချင်ရင် စိတ်ဆန္ဒစွဲတွေ ဖယ်ရမယ်။ ပကတိဘာဝကို လက်ခံပြီး အရှိတရားကိုပဲ တစိုက်မတ်မတ် ထည့်ထွက်ရမယ်။ လေပေါ်တင် လုံးထွေး အောင်မြင်နေလို့ မရဘူး။ ကဲ ဆက်ရရင် အညိုရောင်နယ်မြေတွေ ဖန်တီးနိုင်ခဲ့ပြီပေါ့။ သူဝင် ကိုယ်ဝင်ပေါ့။ သို့သော်လည်း လူထု ကိုယ့်ဘက်ကပါတော့ ကိုယ်စိုးမိုးနိုင်တဲ့အချိန် ပိုတာပေါ့။

( ၂ )

ခု ကျနော်တို့ မြေပြင်မှာ နေတာကြာတော့ လိုအပ်ချက်လေးတွေ တွေ့လာရတယ်။ သမိုင်းပေး တာဝန်အရတော့ ရေးရဦးမှာပါပဲ။ ရန်သူရဲ့ ပကတိဘာဝရော မိမိတို့ရဲ့ ပကတိဘာဝကိုရော အရှိအတိုင်း သုံးသပ်ရပါလိမ့်မယ်။ လူထုရဲ့ တောင့်တနေတဲ့ ဒီမိုကရေစီတော်လှန်ရေးကြီးရဲ့ မျက်နှာ၊ လူထုမျက်နှာကို ကြည့်ပြီး ပြောရမှာပဲ။ ဒီတော့ ကော်လံခွဲလိုက်ပါမယ်ဗျ။

(က) အညိုရောင်နယ်မြေ ဆိုတာ ဘာလဲ။

အညိုရောင်နယ်မြေဆိုတာ ရန်သူလည်း ဝင်ရောက်သလို မိမိတို့လည်း ဝင်ရောက်ရာနယ်မြေပါ။ အဲဒီနယ်မြေက လူထုကို အုပ်ချုပ်ရေး၊ ပညာရေး၊ စီးပွားရေး၊ အခွန်ကောက်ရေး စတဲ့ ကိုယ့်ယန္တရားကို အပြိုင်အဆိုင် တည်ဆောက်ရတာပါ။ နယ်မြေလူထုရဲ့ ထောက်ခံမှုက အဆုံးအဖြတ်ပေါ့။

(ခ) ကိုယ့်စိုးမိုးမှုသာတဲ့နယ်မြေမှာ ဘာတွေ ပြင်ဆင်ရမလဲ။

ဒီမှာ နှစ်ပိုင်းခွဲနိုင်ပါတယ်။ လုံခြုံရေးနဲ့ တည်ဆောက်ရေးပါ။ ​ဒီလိုတော်လှန်ရေးကြီးထဲမှာ ပြည်သူ့လုံခြုံရေးအတွက် အစိုးရလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်သူတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီတော့ NUG အပါအဝင် ရွာတွေကို ​ခြေကုပ်ယူတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တိုင်းမှာ တိုက်ခိုက်ရေးအမြင်သက်သက်ပဲ ရှိလို့မရပါဘူး။ အုပ်ချုပ်ရေးအမြင်၊ လုံခြုံရေးအမြင်လည်း ရှိရပါမယ်။ ပြည်သူက ဒုက္ခရောက်မှာ သိပါလျက်နဲ့ အိမ်မီးရှို့ခံရမယ်မှန်း သိပါလျက်ကယ်နှင့် ကျနော်တို့ကို ထောက်ခံပူးပေါင်းနေတဲ့အတွက် လူထုရဲ့ အရေးတိုင်းဟာ တော်လှန်ရေး အင်အားစုတိုင်းအတွက် တာဝန်ရှိကိုရှိတယ်။ အဲဒီတော့ နံပါတ်တစ်အနေနဲ့က တရားဥပဒေစိုးမိုးရေးပဲ။ ရပ်ရွာထဲမှာ တောကြောင်တွေ ရှိနေတယ်။ ဒု၊ သ၊ န၊ သောတွေ ရှိတတ်တယ်။ လူထုဟာ ပူစရာအရေးတွေ တပုံကြီးထဲ ဒီအပူပါ မဆင့်အောင် ခိုး-ဆိုး-လု-နှိုက် အန္တရာယ်ကို ညအတတ်နိုင်ဆုံး ကာကွယ်ရေးဝန်ဆောင်မှု ပေးရမယ်။ ရပ်ရွာပြဿနာအရေးမှာ ရပ်ရွာလူကြီးတွေပါဝင်တဲ့ ကော်မတီတွေကို ဝိုင်းဝန်းကူညီပေးရမယ်။ သူ့ယန္တရားကို ဖြိုဖျက်ရုံနဲ့ မရဘူး။ ကိုယ့်ယန္တရားကိုလည်း ပီပီပြင်ပြင် တည်ဆောက်နိုင်ရမယ်။ ဒါ လုံခြုံရေးပေါ့။

နောက်တချက်က စစ်ဘေးရှောင်ကိစ္စပါ။ တကယ်လို့များ ရွာကို စစ်တပ်က ဝင်စီးခဲ့ရင် ပြည်သူတွေအတွက် ဘယ်နေရာ လုံခြုံမလဲ။ ကိုယ်တွေက ဘယ်နေရာ ပြောက်ကျား ဆော်မှာလဲ။ အဲဒီနေရာမှာ ပြည်သူမရှိရေး ဘယ်လိုလုပ်မလဲ။ စစ်ရှောင်စခန်းတွေ ကြိုတည်ထားရမယ်။ အမိုးအကာ၊ ရိက္ခာ၊ ဆေးဝါး စီစဥ်ထားရမယ်။ စစ်ဘေးရှောင် ကြီးကြပ်ရေးအတွက်သက်သက် တာဝန်ပေးထားသူ ရှိရမယ်။ ဒါက မုချလုပ်ရမယ့်ကိစ္စတွေ။

နောက်တချက်က စိုက်ပျိုးရေး။ တိုင်းပြည်စီးပွားရေးအနေနဲ့ ဒေါ်လာရှားလာတဲ့အခါ နိုင်ငံခြားကုန် ရှားလာမှာ သေချာတယ်။ အရောင်းဝယ်တွေ ထိန်းချုပ်ခံရတော့မယ်။ ကုန်စီးဆင်းမှုကို ထိန်းချုပ်တဲ့အခါ သူတို့ မစိုးမိုးနိုင်တဲ့ ဒေသတွေကို ဖြတ်လေးဖြတ်သဘောနဲ့ နှိပ်ကွပ်လိမ့်မယ်။ နယ်စပ်စည်းဂိတ်တွေကနေ ကုန်တွေဖမ်းမယ်။ ခုလက်ရှိအနေထားအရ ရခိုင်ကိုကြည့်ပေါ့။ သူတို့ လုပ်နေကျအကွက်တွေ။ ဒီတော့ စပါးနဲ့ မြေပဲ၊ နှမ်း စတဲ့ အခြေခံ အစားအသောက်တွေ စိုက်ပျိုးဖြစ်ထွန်းရေးအတွက် မိမိတို့မှာ တာဝန်ရှိတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ရမယ်။ နယ်စပ်စည်းတွေမှာ စပါးစိုက်ဖို့ လုံခြုံရေးယူတန်သင့် ယူပေးရမယ်။ ရေမရလို့ မစိုက်နိုင်ရင် မြောင်းဖော်ပေးသင့်ရင် ဖော်ရမယ်။ ဒေသတွင်း အခြေခံစားသောက်ကုန် ဖူလုံစွာ ထုတ်နိုင်ရေးက ပဓာနကျတဲ့တာဝန် ဖြစ်တယ်။ ဒါမှ ရေရှည်တိုက်ပွဲအတွက် ခံနိုင်ရည်ရှိမယ်။

နောက်တချက်က သပိတ်တိုက်ပွဲ၊ လူထုတရားပွဲတွေ ဖန်တီးတာ။ လူထုဟာ အမှန်တရားဘက်က ဆိုပေမဲ့ တော်လှန်ရေးတရပ်ရဲ့ အခင်းအကျင်းတွေကို သမိုင်းရဲ့ဖိနှိပ်မှု အထုအထောင်းတွေကြောင့် ခရေစေ့တွင်းကျ မသိရှိကြပါဘူး။ ဒီနေ့ နေ့ထူးနေ့မြတ်တွေ၊ သမိုင်းဆိုင်ရာ နေ့စွဲတွေမှာ သပိတ်စစ်ကြောင်းထွက်ပြီး လူထုတရားပွဲတွေ ကျင်းပရမယ်။ နယ်မြေနိုင်ငံရေးမှူးတွေက လူထုကို စစ်ရေးအခြေအနေ၊ စီးပွားရေးအခြေအနေတွေကို လူထုကို အစီရင်ခံရင်း လူထုကလည်း ဘာတွေ ပူးပေါင်းပြင်ဆင်ထားရမလဲ ဆိုတာမျိုး တင်ပြရမယ်။ နိုင်ငံရေးသဘောအရလည်း စစ်တပ်က သမိုင်းမှာ ဘယ်လို လှည့်စားတတ်ကြောင်း၊ ဘယ်လို ပလီဉာဏ်များကြောင်း ရှင်းပြရမယ်။ တနည်းအားဖြင့်လည်း လူထုရဲ့ တော်လှန်ရေးအသိကို နှိုးဆွနေသလို ဖြစ်နေရမယ်။

နောက်တချက်က စစ်အတွင်း ရှင်သန်ရေးကို လမ်းကြောင်းပေးရမယ်။ ဥပမာ- တိုက်ပွဲက ရှည်ကြာမယ့်အကြောင်း ရှင်းလင်းပြရမယ်။ ဖက်ဆစ်တပ်ဟာ နိုင်ငံတော်ဘဏ္ဍာကို နှစ်ရှည်လများ တရားဝင်ခိုးယူခွင့်၊ အဆင့်မြင့်လက်နက်ကြီးတွေကို စနစ်တကျ ဝယ်ယူခွင့်ရတဲ့တပ်ကြီး ဖြစ်တယ်။ တရားတာ မတရားတာနဲ့ တိုက်စွမ်းရည်၊ တိုက်စွမ်းအား မတူပါဘူး။ ရန်သူရဲ့ တိုက်စွမ်းရည်ရော၊ တိုက်စွမ်းအားဟာ ကြီးမားပါတယ်။ ဒီတော့ မိမိတို့က ရန်သူတလှမ်း မိမိအလှမ်းတရာ ရှိရမယ်။ ဆိုလိုရင်းက တိုက်ပွဲက ရှည်မယ်။ စစ်အတွင်းမှာ အရေးအားလုံး ရပ်တန့်ထားလို့မရဘူး။ ဘယ်လိုနည်းနဲ့ ရအောင်လည်ပတ်မလဲ ဆိုတာကို တပ်လှန့်ရမယ်။ တခါ လေကြောင်းရန် ကာကွယ်ရေး၊ ပေါက်ကွဲစေတတ်သော ပစ္စည်းတွေနဲ့ ပတ်သက်လို့ ပညာပေးတာ စတဲ့ အသိပညာပေးတရားပွဲတွေ ဖန်တီးရမယ်။ ဘယ်ပစ္စည်းက ဘယ်လို၊ လေယာဥ်နဲ့လာပစ်ရင် ဘယ်လိုနေရာမျိုးမှာ ဘယ်လို အနေအထားနဲ့ နေသင့်လဲ။ လက်နက်အကြွင်းကျန်တွေ ဘယ်လိုကိုင်တွယ်သင့်သလဲ စတဲ့ တိုက်ပွဲဆိုင်ရာ အသိပညာပေး ကိစ္စဟာလည်း မုချ ဖန်တီးရပါလိမ့်မယ်။

ကိုင်း…ဗျာ။ မပြည့်စုံသေးမှန်းသိပေမဲ့ စာကလည်း ညည်းစရာကောင်းလာပြီ ထင်ပါတယ်။ နောက်များကြုံရင်လည်း အစီရင်ခံ တင်ပြပါဦးမယ်။ တော်လှန်ရေးကို တကယ်ချစ်ရင်၊ လူထုကို တကယ်တန်ဖိုးထားရင်၊ ပြည်သူတောင့်တနေတဲ့ ပြည်သူ့ဒီမိုကရေစီတိုက်ပွဲမှာ ကိုယ့်လိုအပ်ချက်ကို ပြတ်ပြတ်သားသား ဝေဖန်ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ သခင်ကိုယ်တော်မှိုင်းကြီး ပြောသလို “ကိုင်း ထထကြွကြွရယ်နဲ့ ဝိုင်းကြပေရော့ဗျား”။

ငြိမ်းမောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024