စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ထီးချိုင့် PDF၊ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား ဩဂုတ် ၂၅ ရက်ကနေ ၂၈ ရက်အထိ ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၂၀ လောက် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တယ်လို့ ထီးချိုင့် ပ.က.ဖ တပ်ဖွဲ့ကနေ သိရပါတယ်။
စစ်ကောင်စီတပ်အင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းက ထီးချိုင့်မြို့ထဲကနေထွက်လာပြီး နောက် တိုက်ပွဲတွေစတင်ဖြစ်ပွားတာဖြစ်ပါတယ်။
ထီးချိုင့် ပ.က.ဖတပ်ဖွဲ့ဝင်တဦးက “ စစ်ကောင်စီစစ်ကြောင်းက ထီးချိုင့်မြို့ကနေထွက်လာပြီး တောထဲဝင်သွားတာ။ အဲတာနဲ့ ပ.က.ဖ၊ ကေအိုင်အေပူးပေါင်းတပ်ဖွဲ့တွေ လိုက်ရင်းလိုက်ရင်းနဲ့ တွေ့ပြီး တိုက်ပွဲဖြစ်ကြတာ၊ အဲကနေ တိုက်ပွဲက ၂၉ ရက်နေ့အထိဖြစ်တယ်၊ ဒီတိုက်ပွဲတွေမှာ သူတို့(စကစ)ဘက်က ၂၀ ဝန်းကျင် ထိခိုက်သေဆုံးတယ်၊ ဒဏ်ရာရတာကော၊ ထိခိုက်သေဆုံး တာကောပေါ့နော”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အရေအတွက်နဲ့ ပက်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးသလို စစ်ကောင်စီဘက်ကတည်း ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိပါဘူး။
ဿြဂုတ်လ ၂၈ ရက်ကလည်းတစ်နေကုန်းနီးပါးတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကြောင်းကို ထီးချိုင့်မြို့နယ်ထဲက လေသာရွာ သရက်ချောင်တွေနားမှာ ပ.က.ဖနဲ့ ကေအိုင်အေပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်နေစဉ် စစ်ကောင်စီကလေကြောင်းနဲ့ တိုက်ခိုက်လို့ နောက်ဆုတ်ပေးခဲ့ရတယ်လို့ ပ.က.ဖ တပ်ဖွဲ့ဝင်က ပြောပါတယ်။
“တိုက်ပွဲတစ်နေကုန်နီးပါးဖြစ်တယ်။ လေသာတို့၊ ကြည်စုတို့ သရက်ချောင်တွေနဲ့မှာ ကျနော်တို့က ဝိုင်းထားသလိုဖြစ်တယ်။ ဝိုင်းထားတော့ သူတို့ထွက်ပေါက်လဲမရှိဘူး။ အနောက် လဲပြန်ဆုတ်လို့မရဘူး။ သူတို့ထွက်လို့မရတော့။ သေနတ်လဲမပစ်တော့ဘူး။ အဲနေ့ တစ်ညအိပ် နောက်နေ့မှ လေယာဉ်နဲ့ လာပစ်သွားတာ၊ လေယာဉ် နှစ်စီးနဲ့ ၊လေယာဉ်လာတော့ နောက်ဆုတ်ပေးလိုက်ရတယ်၊ လေယာဉ်မလာရင်တော့ အပိုင်ဖြစ်ပြီပေါ့။”
လေကြောင်းတိုက်ခိုက်ပြီးနောက် ပိတ်မိနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ထီးချိုင့် ပ.က.ဖတွေက လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကလည်း လမ်းကြောတစ်လျှောက်ရှိတဲ့ ယာတွေမှာရှိနေတဲ့ ပြည်သူတွေကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ယူနီဖောင်းတွေ ဝတ်ဆင်ခိုင်းကာ၊ ကျည်ဆန်မပါတဲ့ သေနတ်တွေထမ်းခိုင်းတာ၊ လက်နက်ခဲယမ်းတွေ သယ်ခိုင်းတယ်လို့ ပေါ်တာကနေ ပြန်လွတ်လာတဲ့သူတွေထံက သိရတယ်လို့ ပ.က.ဖ တပ်ဖွဲ့ဝင်က ပြောပါတယ်။
ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ပြည်သူ ၁၅ ယောက် လောက်ရှိပြီး လက်ရှိအချိန်ထိ ပြန်လွတ်လာတဲ့ သူတွေကို လိုက်လံဆက်သွယ်ရာမှာတော့ ၈ ယောက်ကို ဆယ်သွယ်နိင်ခဲ့ပြီး ကျန်သူတွေကတော့ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
တိုက်ပွဲစဖြစ်ပွားတဲ့ ဩဂုတ် ၂၅ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက် ကျဆုံးခဲ့သလို ပြည်သူတယောက် ကျည်ထိမှန် အသက်ဆုံးရှုံးခဲ့ပြီး စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပြည်သူတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။