ရဟတ်ယာဉ်၀ယ်တာ၊ ငှားရမ်းတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုတွေကို စစ်ဆေးမယ့် ရုံးချိန်းဖြစ်ပေမယ့် ဒါတွေကို ကိုင်တွယ်ရတဲ့ တရားသူကြီး ဦးမြင့်စန်းဟာ ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့အတွက် ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
“တရားသူကြီးက ကိုဗစ်ဖြစ်နေတာနဲ့ သူ့ကိုယ်စား တခြားအမျိုးသမီးတရားသူကြီးတဦးက Video Conferencing နဲ့ ရုံးချိန်းကို ရွှေ့ဆိုင်းတာ ပြောတယ်။ မနက်ဖြန် ရုံးချိန်းလည်း အခုလိုပဲ ဖြစ်လောက်တယ်” လို့ တရားရုံးနဲ့နီးသပ်သူတဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးမောင်ဝိတ်ဆီကနေ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို နှစ်ခါခွဲပြီး လက်ခံတယ်လို့ စွပ်စွဲပြီး စွဲဆိုထားတဲ့ အဂတိနှစ်မှုကို မနက်ဖြန် ရုံးထုတ်မှာ ဖြစ်ပါတယ်။