Home
မြန်မာသတင်း
ပြင်ပ ရွှေနှင့်ဒေါ်လာဈေး ထပ်မံမြင့်တက်
DVB
·
August 29, 2022

စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီရဲ့ ရွှေလုပ်ငန်းဆိုင်ရာ ဆွေးနွေးမှုအပြီး နောက်တရက်မှာ ပြင်ပရွှေနဲ့ ဒေါ်လာဈေး  ထပ်မံမြင့်တက်လာပါတယ်။

ဆွေးနွေးပွဲနေ့ မတိုင်ခင် ဩဂုတ် ၂၆ရက် နေ့လယ်ပိုင်းမှာ ပြင်ပရွှေတကျပ်သားကို ၂,၈၅၅,၀၀၀ ကျပ်၊ ပြင်ပဒေါ်လာဈေးက ၃၁၀၀ ကျပ်ဝန်းကျင် ဈေးပေါက်ခဲ့ပါတယ်။ ဒီကနေ့ ညနေပိုင်းမှာတော့ ရွှေဈေး ၂,၉၃၀,၀၀၀ ကျပ်၊ ဒေါ်လာဈေးက ၃,၃၅၀ ကျပ်အထိ ထပ်မံမြင့်တက်လာပါတယ်။ ရက်ပိုင်းအတွင်း ရွှေတကျပ်သားကို ကျပ် ၇၅,၀၀၀၊ ဒေါ်လာဈေးက တစ်ဒေါ်လာကို ကျပ် ၂၅၀ ဝန်းကျင် ထပ်မံမြင့်တက်လာတာပါ။

အဲဒီကော်မတီက ရန်ကုန်၊ မန္တလေးနဲ့ မော်လမြိုင်တို့က ရွှေသန့်စင်လုပ်ငန်းတွေ၊ ရွှေလှော်ဖိုလုပ်ငန်းတွေက  တာဝန်ရှိသူတွေ၊ ရွှေလုပ်ငန်းရှင်တွေနဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက် နေ့လယ်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ရွှေလုပ်ငန်းဖွံ့ဖြိုးမှု အခြေအနေတွေနဲ့ပတ်သက်တဲ့ အဲဒီဆွေးနွေးပွဲကို စစ်ကောင်စီလက်အောက်ခံ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အမှတ်(၂)  သတ္တုတွင်းလုပ်ငန်း၊ စည်ပင်သာရေးကော်မတီ တာဝန်ရှိသူတွေကိုလည်း ဖိတ်ခေါ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက နိုင်ငံအတွင်းမှာရှိတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေ ပိုင်ဆိုင်တဲ့ ဒေါ်လာငွေတွေအပေါ်  ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ဆောင်လာပြီးနောက် ပြည်တွင်းမှာ ဒေါ်လာဈေး တရှိန်ထိုး ထပ်မံမြင့်တက်လာသလို ဒေါ်လာနဲ့တွက်ချက် ရောင်းဝယ်တဲ့ မြန်မာ့ရွှေဈေးလည်း တပါတည်း လိုက်ပါ မြင့်တက်လာတာပါ။

၂၀၂၂ ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းတုန်းက ရွှေဈေး တစ်ကျပ်သားကို ကျပ် သိန်း ၂၀ နဲ့ ၅ သောင်းဝန်းကျင်မှာပဲ ရှိခဲ့ပြီးတော့ ဒေါ်လာဈေးက ကျပ် ၂,၀၃၀ ဝန်းကျင်ပဲ ရှိခဲ့ပါတယ်။ ၄ လအတွင်း  ရွှေတစ်ကျပ်သားကို ၉ သိန်း ဝန်းကျင်၊ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၁,၃၀၀ ကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေ ဈေးဆွဲတင်မှုတွေနဲ့ အွန်လိုင်းကနေ တရားမဝင် ဒေါ်လာရောင်းဝယ်သူတွေအပေါ် မယုံကြည်ဖို့ ဩဂုတ် ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်နေတဲ့ အွန်လိုင်းလုပ်ငန်းတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024