ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ပုံရွာမှာ သြဂုတ် ၂၆ ရက် ည ၁၁ နာရီက အိမ်နဲ့ ကားကိုမီးရှို့ပြီး လူ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ် မော်ပုံရွာ လမ်းသွယ် ၁ မှ နေအိမ်တလုံးကို စကစ တပ်သားတွေက ဝင်ရောက် စီးနင်းပြီး လူ ၂ ဦးကို ဖမ်းခေါ်သွားတယ်လို့ ရွာသားတဦးက ပြောပါတယ်။
ဦးဇော်မင်းဦးနဲ့ ကိုကုလားလေးတို့ကို ဖမ်းသွားပြီး နေအိမ်နဲ့ ကားကို မီးရှို့သွားခဲ့ပါတယ်။ ဖမ်းသွားပြီး နာရီဝက်လောက်အကြာမှာ ရွာပြင်က သေနတ်သံ ၂ ချက် ကြားရတာမို့ သူတို့ ၂ ဦးကို သတ်ပစ်လိုက်ပုံရတယ်လို့ ရွာသားတွေက ယူဆနေကြပါတယ်။
ပီဒီအက်ဖ်အား ထောက်ပံ့နေတယ် ယူဆပြီး ဖမ်းသွားတာလို့ ပြောနေကြပေမဲ့ အတိအကျကိုတော့ မသိရသေးပါဘူး။