ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၉ ရပ်ကွက် အင်းစိန်လမ်းမပေါ်ရှိ မြို့နယ်လျှပ်စစ်ရုံးမှာ ဩဂုတ် ၂၆ ရက်ညနေ ၄ နာရီက ဗုံးနဲ့အပစ်ခံရပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အမည်မသိအမျိုးသားတဦးက လက်ပစ်ဗုံးနဲ့ပစ်ခဲ့တာကြောင့် မြို့နယ်လျှပ်စစ်ရုံး ရုံးအတွင်းပေါက်ကွဲခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“အပြင်ကနေ ပစ်တာ ရုံးအတွင်းထဲကို ကျသွားတယ် ပြောတယ်။ ရုံးကမဆင်းသေးတော့ ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ အဲဒီအနားကို ဘယ်သူမှ သွားလို့မရဘူး၊ စစ်တပ်က ပိတ်ဆို့ပြီး စစ်နေတာ။"
ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိမှုအခြေအနေ သိရဖို့ လှိုင်မြို့နယ်ထွေအုပ်ရုံးကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားသူ မရှိခဲ့ပါဘူး။
ဗုံးပေါက်ကွဲပြီးနောက် လှိုင်ဘူတာရုံလမ်းနဲ့ EPC ရုံးအနီး ကားနဲ့ လမ်းသွားလမ်းလာတွေ စစ်ကောင်စီတပ်တွေက ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ဆို့စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
အခုနှစ် မေ ၂၀ ရက်ကလည်း လှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။