စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်နဲ့ ရေဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဩဂုတ် ၂၃ ရက် ည ၈ နာရီခွဲမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာသား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံကနေ ပစ်ခတ်တာလို့ ခင်ဦးဒေသခံတယောက်က ပြောပါတယ်။
“ပစ်တာကတော့ ကျမတို့ ခင်ဦးနယ်ထဲက အင်းပတ်ရွာနဲ့ မူးသာကျေးရွာကိုလည်း ပစ်တယ်။ သူတို့ပစ်လို့ မူးသာရွာက အသက် ၄၀ ကျော် အမျိုးသားတဦးနဲ့ နွားတကောင် ထိခိုက်ဒဏ်ရာရခဲ့တယ်ရှင့်။ ရေဦးနယ် မူးသာကုန်းရွာ၊ ရွာသာလေးရွာ၊ ကုက္ကိုစုရွာတွေဘက်လည်း လက်နက်ကြီး ၃ လုံးထုတယ်၊ ၁ လုံး မူးသာကုန်းရွာထဲကျခဲ့ပြီး ၇ နှစ်ရွယ် ကလေးတယောက် ခေါင်းရှပ်ထိထားတယ်။ အသက် ၃၀ ကျော်အရွယ် အမျိုးသား ဝမ်းဗိုက်နဲ့ပေါင် ထိမှန်တယ်။ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးလည်း ပေါင်နဲ့လက်မောင်း ရှပ်ထိတာတွေ ရှိတယ်” လို့ ပြောပါတယ်။
အခုလို စစ်တပ်က ရေဦးမြို့နယ်ကနေ ညအချိန်မှာ ကျေးရွာတွေကို အကြိမ်ကြိမ် ပစ်ခတ်တာတွေ အရင်ကလည်း လုပ်ဆောင်တာတွေ ရှိခဲ့ပါတယ်။
အခုလိုပစ်ခတ်လို့ အင်းပတ်ကျေးရွာမှာ ၄ ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံရွာသား လေးယောက်ထက်မနည်း သေဆုံး၊ ဒဏ်ရာရတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။