မကွေးတိုင်း၊ ထီးလင်းမြို့တောင်ဘက်ရဲစခန်းကို သြဂုတ် ၂၂ ရက်နေ့ မနက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် မြို့အစွန်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ YDF-ထီးလင်းက ပြောပါတယ်။
“ထီးလင်းမြို့ပေါ်မှာက တောင်ပိုင်းရဲစခန်းရယ် မြောက်ပိုင်းရဲစခန်းရယ်ဆိုပြီး ရဲစခန်း ၂ ခုရှိတယ်။ မနေ့က သြဂုတ်လ ၂၂ ရက်နေ့မနက်ပိုင်းမှာ ကျနော်တို့ဘက်က ရဲဘော်တွေနဲ့ ပေါက်တောင်ပိုင်း တွေ့မရှောင်အဖွဲ့တို့ပူးပေါင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲစခန်းရုံးရှေ့ ၃ ပေလောက်အကွာမှာ ကျရောက်ပေါက်ကွဲခဲ့တယ်” လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF-ထီးလင်းရဲ့ ခေါင်းဆောင် သခင်ဇော်က ဒီဗွီဘီကိုပြောပါတယ်။
အဲဒီမှာ သူတို့ဘက်က လှုပ်ရှားမှုတွေရှိလာပြီး မြို့အပြင်ဘက်တွေကို ကားနဲ့ ပတ်ကင်းထွက်လာတဲ့ အချိန် အသင့်စောင့်နေတဲ့ လက်နက်ငယ်အဖွဲ့နဲ့ မီးသတ်ရုံးအရှေ့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို အတည်မပြုနိုင်သေးဘဲ ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေကတော့ ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သခင်ဇော်က ပြောပါတယ်။
“ဂန့်ဂေါမြို့နယ်ဘက်ကနေ ထိုးလာတဲ့ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းကတော့ ဆင်ခုံတိုင်ရွာထဲကို ဝင်သွားပြီးဗျ။ စစ်(...)တွေ စစ်ကြောင်းထိုးလာလို့ အကြည်ဝါဘင်းကျေးရွာ၊ ဝက်သက်မြောက်ရွာနဲ့ လောင်းဘိုလေးကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။”