Home
မြန်မာသတင်း
မုံရွာ ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်ခံရ၊ ရဲနှင့်စစ်သား ၅ ဦး သေဆုံး
DVB
·
August 21, 2022

မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (ဆားလင်းကြီး) နဲ့ Aung San Force အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၅ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီမစ်ရှင်ကိုတော့ သြဂုတ် ၂၁ ရက် ဒီကနေ့ မနက် ၁၁.၄၈ နာရီအချိန်မှာ ပူးပေါင်းအဖွဲ့တွေက ကားနဲ့ စခန်းရှေ့ထိ သွားကာ ဝါး ၁ ပြန်သာသာအကွာလောက်ကနေ အနီးကပ် ပြုလုပ်ခဲ့တာဖြစ်ပြီး သေနတ် ၅ လက်နဲ့ ထိုင်စောင့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အင်အားလျှော့ချနိုင်ခဲ့တယ်လို့ မြန်မာ့ တော်ဝင်နဂါးတပ်တော် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) က ပြည်သူ့ရဲဘော် ၂ ယောက် မစိုးရိမ်ရတဲ့ ထိမှန်ဒဏ်ရာရခဲ့ပြီး ကျည်ဘောက် ၃ ဘောက် ကျကျန်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အနေနဲ့ ပုလဲ၊ ယင်းမာပင်၊ ဆားလင်း၊ ကနီ၊ ပေါက် စတဲ့မြို့နယ်များထိ  စစ်ရေးလှုပ်ရှားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းပြီး ပထဝီအနေထားအရလည်း အရေးပါတဲ့ စစ်ဒေသတခုဖြစ်တာကြောင့် တော်လှန်ရေးအားစိုက်တဲ့ မိဘပြည်သူတွေအနေနဲ့ ဆက်လက်အားထည့်ပေးကြဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီကို ခုခံတွန်းလှန်နေတဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် သူရဲကောင်းတွေအတွက် ရန်ပုံငွေလိုအပ်ချက်တွေ ရှိနေတာမို့ NUGPay ကတဆင့် ကူညီလှူဒါန်းနိုင်ဖို့လည်း ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024