Home
ဆောင်းပါး
ပန်းခြွေတဲ့မိစ္ဆာကောင်
DVB
·
August 21, 2022

လောကကြီးထဲမှာ အဖျက်သမားနဲ့ အပြုသမားဟာ မတူညီမှုတစုံပါပဲ။ အပြုသမားက ပြုလုပ်တည်ဆောက်လေ့ရှိသလိုအဖျက်သမားအင်အားစုကလည်း အပြုသမား တည်ဆောက်သမျှကို ဖျက်ဆီးလေ့ရှိတယ်။ ပျိုးထောင်သူရှိသလို အညွန့်ချိုးသူကလည်း အညွန့်ချိုးဖို့ အခွင့်အလမ်းကို စောင့်နေတတ်တယ်။ ရေခံမြေခံကောင်းမှာ ပန်းကောင်းပန်းလှတွေ ရနံ့သင်းသင်း မွှေးကြိုင်တင့်တယ်စွာ ပွင့်လန်းကြသလို မိစ္ဆာကောင် အဖျက်ပိုးတို့ကလည်း ပွင့်ဖတ်တွေ ခြွေဖျက်ဖို့အတွက် လောကထဲ ရောက်လာတတ်ကြတာပါပဲ။

လျှောက်လှမ်းရာဘဝမှာ ငွားငွားစွင့်စွင့် ပွင့်နေတဲ့ ပန်းစုံတောလည်း ရောက်ခဲ့ဖူးတယ်။ ပန်းခြွေတဲ့ မိစ္ဆာကောင်တွေလည်း တွေ့ခဲ့ရဖူးတယ်။ ပန်းခြွေတဲ့ မိစ္ဆာကောင်တွေကိုလည်း ရှင်းထုတ်ခဲ့ဖူးတယ်။ အခြွေခံရတဲ့ ပွင့်ဖတ်လေးတွေကိုလည်း တယုတယ ကောက်ယူ သိမ်းဆည်းခဲ့ဖူးတယ်။ မိစ္ဆာကောင်တွေနဲ့ ရန်ဘက်သမှု ပြုခဲ့ရတာကြောင့်လည်း ကိုယ်တိုင် ဘေးဒုက္ခသင့်ခဲ့ရဖူးတယ်။ အဲဒီလို ဘေးဒုက္ခသင့်ခဲ့ရတာကြောင့်လည်း မပျက်ပြယ်နိုင်တဲ့ ဒဏ်ရာတွေနဲ့ မမေ့နိုင်တဲ့ အတွေ့အကြုံတွေလည်း ရခဲ့ဖူးတယ်။

ပန်းကောင်းအညွန့်ချိုးတတ်တဲ့ မိစ္ဆာကောင်တွေထဲက ဖြစ်ရပ်မတူပေမဲ့ မိစ္ဆာလုပ်ရပ်ချင်း တူတဲ့ ပန်းခြွေခဲ့ကြတဲ့ မိစ္ဆာနှစ်ကောင်အကြောင်း စဉ်းစားနေမိတယ်။ မိစ္ဆာနှစ်ကောင်မက ရှိပေမဲ့ စရိုက်တူ၊ တန်ဖိုးတူတာတွေကြားထဲကပဲ အထင်ကရ အခြေအနေတွေနဲ့ ထပ်တူပြုလို့ရတဲ့ သူတွေကိုပဲ အဓိကထား စဉ်းစားမိတယ်။ သူတို့နှစ်ယောက်ဟာ သက်မွေးဝမ်းကျောင်း မတူကြပေမဲ့ စရိုက်တွေ၊ တန်ဖိုးတွေ၊ ကိုယ်ကျင့်တွေကတော့ ထပ်တူကျနေတာကို တွေ့ရတယ်။ အဲဒီမိစ္ဆာတွေအကြောင်း ပြောပြချင်တယ်။

ပြောကြစို့ဆိုရင် စစ်မိစ္ဆာကောင်တွေနဲ့ ရန်သူဖြစ်ခဲ့တဲ့ ကျနော်ဟာ အင်းစိန်တောရ ဘဝရေသေထဲ ၁၀ နှစ်ကျော် နစ်မြုပ်နေချိန်က ကြုံတွေခဲ့ရတဲ့ ဖြစ်ရပ်လေးကပဲ စပါ့မယ်။ အင်းစိန်တောရရဲ့ နာမည်ကျော် ၅ တိုက်ထဲကို ရောက်ခဲ့ရတယ်။ တိုက်ဝင်းထဲမှာ စုစုပေါင်း တိုက် ၆ တိုက်ရှိတယ်။

ထောင်ဝင်စာတွေ့ဖို့ ထွက်ကြတော့ တိုက်တွေစုပြီး ထွက်ကြရတယ်။ ထောင်စာထွက်ရင် ၄ ရှည်၊ ၄ တို၊ ၅ တိုက်တို့ဟာ အတူထွက်ကြရတယ်။ ထောင်အခေါ်အရတော့ ကျနော်တို့က ‘ကျသစ်’ တွေပေါ့။ ကျသစ်တွေဆိုတော့ တိုက်ထဲမှာ ကိုယ့်အရင်ရောက်နှင့်နေတဲ့ မိတ်ဟောင်း၊ ဆွေဟောင်း မိတ်သစ်တွေလည်း ရှိရဲ့။ သူတို့အားလုံး အပြင်သတင်း ငတ်နေကြတော့ အခြေအနေကို သိချင်လို့ သတင်းမေးကြ၊ မိတ်ဆက်ကြပေါ့။

အဲဒီလို ထောင်ဝင်စာထွက်ဖို့ ကိုယ့်အစုနဲ့ကိုယ် တွေ့တုန်း ပြောစရာတွေ ပြောကြတာလည်းရှိရဲ့။ စုဝေးရာနေရာကတော့ ၄ ရှည်နဲ့ ၆ တိုက်ကြားထဲမှာ။ ၆ တိုက်ရဲ့ရှေ့မှာ ခါးတရပ်လောက်ပဲ မြင့်တဲ့ ဗိုလ်လမ်းလျှောက်ပင်တွေ တန်းစီစိုက်ထားတယ်။ ခြံစည်းရိုးတလျှောက် ညီအောင် ကတ်ကြေးနဲ့ တညီတည်း ညှပ်ထားပေမဲ့ မိုးဦးကျဆိုတော့ အညွန့်လေးတွေ ပုရစ်စီလို့ တမျိုးလေး ကြည့်ကောင်းနေတယ်။

‘ပုရစ်ဖူးတွေ’ ဝေစည်နေတဲ့ ချစ်စရာ အညွန့်အဖူးလေးတွေကြည့်ပြီး စိတ်ဆင်းရဲမှုတွေ၊ မိသားစုနဲ့တွေ့ရမယ့် ကိစ္စရပ်တွေကို တဒင်္ဂမေ့လျော့သွားသလိုပါပဲ။ ကြည်နူးစိတ်လေးက နေရာယူလိုက်တယ်။ အဲဒီအချိန်မှာပဲ ပြိတ္တာတကောင်လို အလွန်ကြီးတဲ့ သူ့ခန္ဓာဝန်ကို တအိအိချင်း သယ်နေတဲ့ ဥပဓိရုပ် ခပ်သန့်သန့်နဲ့ လူတယောက်က…

သူလည်း ၅(ည) ပါပဲတဲ့။ ကျနော်လည်း ယဉ်ကျေးမှုအရ နာမည်ပြောပြီး ပြန်လှန် မိတ်ဆက်လိုက်တယ်။ သူက “ခင်ဗျားက ဒဿနိကဗေဒကနော်၊ ကျနော့်ညီမကလည်း ဒဿနိကဗေဒကပဲ။ အခုတော့ ဆုံးသွားရှာပြီဗျာ။” လို့ပြောရင်း သူ့မျက်နှာဟာ စိတ်မကောင်းတဲ့ သရုပ်ကို ဖော်ပြနေတယ်။ ကျနော်က သူ့ညီမနာမည်မေးတော့ “ခင်အေးသက်ပါ” တဲ့။ ဒေါက်တာကျော်သက်ရဲ့ သမီးပေါ့။ ဂျာမန်ဂန္ထဝင်စာပေကို မောင်ကိုယုတို့ အတူပြုစုခဲ့တဲ့အထဲမှာ ပါခဲ့တဲ့ မခင်အေးသက်ပါပဲ။ ကျနော် လေးစားတဲ့အထဲက တယောက်ပေါ့။

“ဒါဖြင့် ခင်ဗျားက ဒေါက်တာကျော်သက်ရဲ့ သားလား” လို့မေးတော့ “ဟုတ်ပါတယ်၊ ကျနော်က လင်းမောင်သက်ပါ” တဲ့။ အဲဒီလိုပြောနေတဲ့ သူ့ကို ကြည့်လိုက်ချိန်မှာ သူဟာ ကျနော်ရှေ့ရှိ ဗိုလ်လမ်းလျှောက်ပင်က အညွန့်လေးကို ဆွဲဆိတ်လိုက်တယ်။ ပြီးတော့ ပစ်ချလိုက်တယ်။ အညွန့်လေးတွေကို နှမြောစိတ်နဲ့ သူ ပစ်ချလို့ ကျသွားရာ အညွန့်လေးနောက်ကို လိုက်ကြည့်ရင်း စိတ်ထဲမကောင်း ဖြစ်သွားမိတယ်။

ကျနော်နဲ့ စကားပြောနေတဲ့ တခဏတာအတွင်းမှာ အညွန့်ပေါင်းများစွာ ချိုးဆိတ်ပြီး ပစ်ချထားတာကို တွေ့လိုက်ရတော့ ကျနော်စိတ်ထဲ ထင့်ခနဲဖြစ်သွားတယ်။ အညွန့်ချိုးသူရဲ့ စိတ်ဂနာမငြိမ်ခြင်းလား၊ ဝသီဘော်တခုလေလား မသိ။ အညွန့်လေးတွေကတော့ မြေပြင်ပေါ်မှာ ကစဉ့်ကလျား ပြန့်ကျဲလို့။ တချို့ ညှိုးလျော်စပြုနေပြီ။ တချို့က လတ်လတ်ဆတ်ဆတ် ရှိသေးရဲ့။

‘ဒီနေရာမှာ အရင်ကလည်း ထောင်ဝင်စာစောင့်ရင်း အညွန့်အဖူးလေးတွေ ဘယ်လောက်အထိ ချိုးခဲ့ပြီလဲ။ ဘယ်လောက်များများ သူ့လက်ချက်နဲ့ ချေဖျက်ခဲ့ပြီလဲ။ သူ့စကားနဲ့ သူ့လက်ဆိတ်ကြောင့် ဘယ်အတိုင်းအတာထိ အညွန့်အဖူးတွေကို ခြွေချပြီးခဲ့ပြီလဲ’ လို့ တွေးမိရင်း သူ ခြွေချချိုးဖျက်လိုက်တဲ့ အညွန့်ဆယ်ညွန့်လောက်ကို ကောက်ယူလိုက်တယ်။ ကျနော့်ဘေးက သူ ထွက်သွားတာကို သတိမပြုလိုက်မိတော့ဘူး။ နိုင်/ကျဉ်းတယောက်က…

“အဲဒါ လင်းမောင်သက် ဆိုတဲ့ ‘လေအေးသာ’ ရဲ့ ‘ဖာခေါင်း’ ပဲ။ သူ မေးရင် ခင်ဗျားနေရပ်လိပ်စာကို အမှန် ဘယ်တော့မှ မပြောလေနဲ့။ ခင်ဗျားရပ်ကွက်ထဲက အရွယ်ရောက်စ မိန်းကလေးတွေ အကြောင်း နာမည်နဲ့တကွ ပြောပြလိမ့်မယ်။ သူ့ဆီမှာ မှတ်ပုံတင်ဌာနထက် ပိုပြည့်စုံတဲ့စာရင်းများ ရှိနေလားမသိဘူး”တဲ့။ မိတ်ဆွေရဲ့ သတိပေးစကား နားထောင်ရင်း အံ့ဩနေမိတယ်။ ကျနော် ပါးစပ်အဟောင်းသားနဲ့ သူ့ကိုသာ ငေးကြည့်နေချိန်မှာ ထောင်ဝင်စာထွက်ဖို့ ခေါ်တာကြောင့် ထောင်ဘူးဝကို ထွက်လာခဲ့ကြတယ်။

ရန်ကုန်တက္ကသိုလ်ထဲမှာ ဆေးခြောက်၊ နံပါတ်ဖိုး အဆုံး သူ စတင်ဖြန့်ခဲ့တာဖြစ်ကြောင်း၊ ကျောင်းတက်ရင်း ပိုက်ဆံရှာခဲ့ကြောင်း၊ ရပ်ကွက်ထဲက စီးပွားရေးမပြေလည်တဲ့ အမျိုးသမီး ကြီး/ငယ်တွေကို သူ မွေးထားတဲ့ ဖာဆွယ်တွေနဲ့ ချဉ်းကပ်တတ်ကြောင်းတွေကိုလည်း မကြားချင်အဆုံး တဆင့်စကား တဆင့်နားနဲ့ ကြားနေရတယ်။ ဒီလိုနဲ့ အမျိုးကောင်းကလေးတွေ၊ ပွင့်သစ်စပန်းလေးတွေ ဘယ်လောက်အထိများ အညွန့်ချိုးခံခဲ့ပြီလဲ မသိနိုင်။ ပန်းခြွေတဲ့ မိစ္ဆာကောင်…။ ‘လူတယောက်ရဲ့ လှုပ်ရှားမှု အပြုအမူတွေက သူ့စရိုက် ပြဋ္ဌာန်းလေ့ရှိတယ်’ ဆိုတာ အမှန်ပါပဲ။

လူဟာ ဗီဇကို စွန့်လွှတ်ခဲတယ်လို့ ဆိုကြတယ်။ ငယ်စဉ်က စရိုက်ဆိုးတွေနဲ့ စရိုက်ကောင်းတွေဟာ ကြီးပြင်းလာတဲ့အချိန်မှာလည်း အဲ့ဒီအကျင့်စရိုက်အတိုင်း လုပ်ဆောင်တတ်တယ်လို့ ဆိုကြတယ်။ ဗီဇဆိုတာ ပျောက်ခဲသတဲ့။ သာဓကပြစရာ များစွာရှိခဲ့တယ်။ ဟစ်တလာလည်း ဒီလိုပဲ။ သူငယ်စဉ်မှာ ပန်းချီကားကို ကြပ်ခိုးမှိုင်းတင်ပြီး ရှေးဟောင်းပန်းချီကားအဖြစ် လိမ်ညာရောင်းချခဲ့ဖူးတယ်။ သူ အာဏာရလာတော့ တကမ္ဘာလုံးကို လိမ်ညာရင်း ဒုတိယကမ္ဘာစစ် ဖြစ်ခဲ့ရတယ်။

အမေရိကန်သမ္မတဟောင်း နစ်ဆင်လည်း ဒီလိုပါပဲ။ သူ ငယ်စဉ် အထက်တန်းကျောင်းသား ဘဝမှာ မနက်ဖြန် အောင်စာရင်းထွက်မှာ သိလျက်နဲ့ ညဘက်မှာ ဆရာကြီးရုံးခန်းထဲ ခိုးဝင်ပြီး အောင်စာရင်းကြည့်ခဲ့တယ်။ အဲဒီစရိုက်က သူ သမ္မတဖြစ်ချိန်မှာ ပြိုင်ဘက်ပါတီရဲ့ လျှို့ဝှက်ချက်ကို သိဖို့ အသံဖမ်းစက်တပ်ဆင်ပြီး ခိုးယူနားထောင်ခဲ့တဲ့ ‘ဝါးတားဂိတ်’ အရေးကိစ္စ ပေါ်လာခဲ့တယ်။ ဒါနဲ့ပဲ နစ်ဆင် သမ္မတကနေ နုတ်ထွက်ပေးခဲ့ရတယ်။

ဗိုလ်နေဝင်းကတော့ ပုံတမျိုး။ သူ အာဏာသိမ်းပြီး ဗမာပြည် ပျက်တာလောက်တော့ ဘာဟုတ်ဦးမလဲ၊ သူ့ မွေးတာနဲ့တပြိုင်တည်း သူ့ရွာကလေးလည်း ပျက်လို့ ‘ပေါင်းတလည်’ ကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုတယ်။ ငယ်စဉ်ကတည်းက ဗလအားကိုးနဲ့ ကျောင်းနေဘက်တွေကို အနိုင်ကျင့်တတ်တဲ့ စရိုက်ရှိသူ ဖြစ်တယ်။ သူနဲ့ ညီအစ်ကိုတော်တဲ့ ကိုစောမောင် ဆိုရင် သူ့ရဲ့ အနိုင်ကျင့်တာကို အမြဲခံရတယ်လို့ ဆိုတယ်။ သူ့ကို ဗိုလ်နေဝင်း အမြဲပြောလေ့ရှိတာက ‘မင်းတို့ ချမ်းသာတဲ့ပိုက်ဆံတွေ ငါ ကြီးလာရင် အကုန်ယူမယ်’ လို့ပြောပြီး အနိုင်ကျင့်လေ့ရှိသတဲ့။ တကယ်လည်း စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တနိုင်ငံလုံးက ချမ်းသာသမျှ ပိုက်ဆံ သူ့အိတ်ကပ်ထဲ ရောက်သွားခဲ့တာပါပဲ။

အဲဒီလိုပဲ မင်းအောင်လှိုင်လည်း လသာ ၁ ကျောင်းတက်ချိန်ကတည်းက မုန့်ဟင်းခါးသည် ကျောင်းစောင့်ကြီး ဦးအောင်ဘ မသိအောင်၊ မကြာခဏ မုန့်ဟင်းခါး ခိုးစားတဲ့အကြောင်းကို သူနဲ့ ကျောင်းနေဘက်တယောက်က ပြောပြဖူးတယ်။ အဲဒီလို ကလေးဘဝမှာ စရိုက်ဆိုးရှိခဲ့တဲ့ သူခိုးကျင့် သူခိုးစရိုက်က လုပ်ပိုင်ခွင့်မြင့်တဲ့နေရာကို ရောက်လာတော့  တိုင်းပြည်ဘဏ္ဍာကို ခိုးယူခဲ့တော့တာပါပဲ။ ပိုဆိုးတာက လသာ ၁ ရဲ့ ပန်းခြံထဲမှာ ပွင့်နေတဲ့ နှင်းဆီပန်း လှလှလေးတွေကို ခူးယူပြီး ပွင့်ဖတ်တွေကို အကြောင်းမဲ့ ခြေမွပစ်တတ်တာလည်း သူ့အကျင့်ဆိုးတခုလို့ ဆိုပါတယ်။

သူနဲ့ စစ်တက္ကသိုလ်တက်ဘက်တွေ ပြောစကားအရတော့ ပျော့ပျော့လေးနဲ့နံတဲ့ ‘ကြောင်ချေး’ တဲ့။ ထက်ဖားအောက်ဖိ၊ နေရာယူလွန်းတာကြောင့်လည်း ဒီနေရာ ရောက်လာခဲ့တာပေါ့လို့ ပြောကြတယ်။ ကြောင်ချေးက လိမ်တဲ့နေရာမှာလည်း ပိပိရိရိလိမ်တတ်တယ်၊ လာဘ်ပေးလာဘ်ယူကို ကိုယ်တိုင်မလုပ်ဘဲ သူ့မိန်းမကတဆင့် လုပ်လေ့ရှိသတဲ့။ အများသဘောနဲ့ ညှိယူတတ်တဲ့ သဘောထား မရှိတာကြောင့် စစ်တက္ကသိုလ်ကျောင်းသားဘဝမှာ အထီးကျန်လေ့ ရှိသတဲ့။

“ခွေးသည် ရွှေပန်းကုံးကို ဆင်ယင်ထားသော်လည်း အဘယ်နည်းဖြင့် ဂုဏ်အပေါင်းနှင့် ပြည့်စုံသော ခြင်္သေ့ဖြစ်နိုင်ပါအံ့နည်း” ဆိုတဲ့ ‘ဟိတောပဒေသ’ ထဲက ဆိုစကားလိုပါပဲ။ အတောမသတ်နိုင်တဲ့ လောဘက ပြည်သူ့ဆန္ဒမပါဘဲ အာဏာကို လုယူခဲ့ပေမဲ့ အုပ်ချုပ်သူ သမ္မတအဖြစ် လူထုက အသိအမှတ်ပြုခြင်း မခံရဘူး။ ဆန့်ကျင်တော်လှန်ခြင်းကိုပဲ ခံရတော့တာပါပဲ။

အဲဒီမှာပဲ သူ အာဏာလုယူတာကို လက်မခံတဲ့ ပြည်သူအပေါင်းကို ပစ်သတ်လာတော့တာ။ ကြီး၊ ငယ်၊ ရွယ်လတ်မရွေး နို့စို့အရွယ်ပါမကျန် အာခံသူမှန်သမျှ ဦးခေါင်းတည့်တည့် ပစ်သတ်ခဲ့တယ်။ ဖာခေါင်းက ပြည်သူ့အညွန့်အဖူးကို ချိုးဖျက်ပစ်လိုက်သလိုပဲ။

တက္ကသိုလ်ကျောင်းသူလေး မြသွဲ့သွဲ့ခိုင်က အစပြုလို့ ပြည့်အညွန့်အဖူးလေးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ မိဘရင်ခွင်မှာ နို့စို့နေတဲ့ အဖူးအငုံလေးတွေကိုတောင် မချန်ဘဲ သားအမိနှစ်ယောက်လုံးကိုပါ ရက်ရက်စက်စက် ပစ်သတ်ခဲ့တယ်။ “ကျူပင်ခုတ် ကျူငုတ်မကျန်” စကားနဲ့အညီ ကျင့်သုံးလိုက်ဟန်ပါပဲ။ အညွန့်အဖူးလေးတွေ အစိမ်းခြွေ အခြွေခံလိုက်ရပေါ့။ မိဘကို ရှာမတွေ့လို့ အသက်အငယ်ဆုံး သုံးနှစ်သားလေးလည်း ပြန်ပေးအဆွဲခံလိုက်ရပြန်တယ်။ ရက်စက်လိုက်တဲ့ ‘စစ်မိစ္ဆာကောင်’ တွေ….။ တိုင်းပြည် အညွန့်အဖူးတွေကို အကြင်နာမဲ့ ခြွေဖျက်နေကြတာ။

ကြုံတွေ့ခဲ့ရသမျှထဲမှာ ‘ဖာခေါင်းနဲ့ စစ်မိစ္ဆာ’ တို့ဟာ အညွန့်ချိုးကြရာမှာ တူညီတဲ့ စရိုက်ဆိုးတွေ ရှိနေကြရဲ့။ တယောက်က ဗိုလ်လမ်းလျှောက်ပင်ရဲ့ အညွန့်အဖူးတွေကို ခြွေချဖျက်ဆီးတယ်။ စစ်မိစ္ဆာကောင်က နှင်းဆီပွင့်ဖတ်တွေကို ခြွေချဖျက်ဆီးခဲ့တယ်။ ပြီးတော့ လစ်ရင်လစ်သလို ကျောင်းစောင့်ရဲ့ မုန့်ဟင်းခါးကို ခိုးစားခဲ့ဖူးတယ်။

အဲဒီအပြုအမူတွေက သူ့စရိုက်ကို ပြဋ္ဌာန်းလို့ လုပ်ပိုင်ခွင့်ရလာတဲ့အချိန် ပြည်သူ့ဘဏ္ဍာ ခိုးယူရုံမက ပြည်သူလူထုအပေါ်မှာ အညှာတာမဲ့ တက်သစ်စ အညွန့်အဖူးတွေကို ချိုးဖျက်တော့တာပါပဲ။ စစ်သားနဲ့ အရပ်သားပဲကွာတာ။ ဖာခေါင်းစိတ်ဓာတ်ချင်းကတော့ အတူတူပါပဲ။ ‘လာရာတူသလို လားရာလည်းတူကြတယ်’။ တိုင်းပြည်အညွန့်အဖူးတွေကို ခြွေချကြတာခြင်းလည်း တူကြတယ်လေ။

အဲဒါ ကျနော် ကြုံတွေ့ခဲ့ဖူးတဲ့ ဘဝမှာ သတိထား သင်ခန်းစာယူသင့်တဲ့ စစ်ဖာခေါင်းနဲ့ အရပ်ဖာခေါင်း နှစ်ယောက် အကြောင်းပါပဲ။ ‘ငယ်စဉ်က မှားယွင်းခဲ့တဲ့ အပြုအမူတွေဟာ သူ့စိတ်ဓာတ်နဲ့ လုပ်ရပ်ကို ပြဋ္ဌာန်းတယ်’ ပညာရှိစကားကို ဆင်ခြင်ပြီး သတိနဲ့ မိမိနှလုံးသားကို ဆင်ခြင်နိုင်ပါစေကြောင်း တင်ပြလိုက်ရပါတယ်။

အညွန့်ဆိတ်ပြီး အပွင့်ခြွေလေ့ရှိတဲ့ တရားခံစစ်စစ်ကို ရှာဖွေလို့ အမြစ်မကျန် တွန်းလှန်နိုင်ကြစေ။ ဖာခေါင်း၊ စစ်မိစ္ဆာတို့ ကျဆုံးပါစေ။

ဂန္ထဝင်မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024