စစ်ကိုင်းတိုင်း၊ မုံရွာ - ယာကြီး - ကလေးဝ ကားလမ်းယင်းမာပင်နယ် ဘန့်ဘွေးရွာမှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေပါတယ်။
ကနီမြို့နယ်အတွင်း မုံရွာ - ယာကြီး-ကလေးဝ ကားလမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး မဟာဗျူဟာကျသောနေရာတွေမှာ စစ်ကောင်စီတပ်တွေ ကြာရှည်ဆွဲထားပါက ကုန်းတွင်းပိတ်ဒေသဖြစ်တဲ့ ဆယ်ရွာချောင်ဒေသရှိ ရွာပေါင်း ၁၄ ရွာက ပြည်သူတွေဟာ အခြေခံစားနပ်ရိက္ခာ မီးဖိုချောင်သုံးပစ္စည်းတွေ၊ လူသုံးကုန်နဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်လာမယ့် အခြေအနေ ကြုံတွေ့နေရပါတယ်။
ဆယ်ရွာချောင်ဒေသဟာ မိုးတွင်းကာလမှာ ခရီးသွားလာဖို့ လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲ့ပြီး ဆက်သွယ်ရေးလိုင်းလည်း မကောင်းတာကြောင့် စစ်ဒဏ်အပြင် စီးပွားရေး၊ ကျန်းမာရေး ကိစ္စတွေမှာလည်း ပိုမိုဆိုးဝါးနိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။
ဒါ့အပြင် ဆယ်ရွာချောင်ဒေသကို သွားတဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းမှာလည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ ရှိနေတာကြောင့် ပြည်သူတွေ အခက်အခဲ ဖြစ်နေကြတာပါ။