တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလုံးထာရွာကို ဒီနေ့မနက်က စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာအနီးအနားရှိ ဥယျာဉ်ခြံတွေအတွင်း တောနင်းရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီက ရွာထဲမှာတဖွဲ့ တပ်စွဲထားပြီး နောက်တဖွဲ့က ရွာအနီးအနားရှိ ဥယျာဉ်ခြံ တောတောင်တွေအတွင်း တောနင်းရှာဖွေနေတယ်လို့ ဆိုပါတယ်။
ရွာထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေ ဆက်တိုက် ရမ်းသန်းပစ်ခတ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ရွာထဲရှိ စစ်ကောင်စီတပ်ဖွဲ့က ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံနေအိမ်တွေအတွင်း ဝင်ရောက်ပြီး တန်ဖိုးရှိတဲ့ပစ္စည်းတွေ ခိုးယူနေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ရွာထဲ (--)အဖွဲ့က ညဘက်ရောက်ရင် ညတိုင်း သီချင်းတွေ အကျယ်ကြီးဖွင့်ပြီး ပျော်နေကြတယ်။ နီးတဲ့အိမ်မှာ သူတို့လိုတာယူပြီး သောက်စားနေတာပေါ့” လို့ ပြောပါတယ်။
မနေ့က ရွာသားတယောက်ကို စစ်ကောင်စီက သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့ပေမဲ့ မထိမှန်ဘဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ပစ်သတ်ထားတဲ့ အလောင်းတလောင်းကို ဒေသခံတချို့က ရွာထဲမှာ တွေ့ရပေမဲ့ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဩဂုတ် ၁၄ ရက်ကစပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတချို့ စားနပ်ရိက္ခာပြတ်တောက်ပြီး အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။