စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်းက အင်ငုတ္တိုကျေးရွာနဲ့ ပင့်သာကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူလူထုရဲ့ နေအိမ် စုစုပေါင်း အလုံး ၅၀ လောက် မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဩဂုတ် ၁၆ ရက်မှာ ချပ်သင်းကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက အင်ငုတ္တိုကျေးရွာကိုဝင်ရောက်ပြီး အိမ်ခြေ ၂၀ လောက်ကို မီးရှို့ဖျက်ဆီးသွားပြီး ဩဂုတ် ၁၇ ရက်နေ့မှာလည်း ပင့်သာကျေးရွာကို ဝင်ရောက်ကာ အိမ်ခြေ ၃၀ လောက်ကို မီးရှို့သွားတာဖြစ်ပါတယ်။
ဒေသခံတဦးက "အင်ငုတ္တိုရွာလိုပဲ ပင့်သာရွာမှာလည်း စစ်ကောင်စီတပ်က လက်နက်တွေနဲ့ ပစ်ခတ်ပြီးဝင်လာတာ။ အဲဒီထဲမှာ ပျူစောထီးတွေရော ပါတယ်။ နွား သုံးကောင်လည်း လက်နက်ကြီးမှန်လို့ သေတယ်။ ရွာထဲတပ်စွဲထားပြီး ပင့်သာရွာသား လေးယောက်ကိုလည်း ဖမ်းဆီးပြီး တနေကုန်နေပူလှမ်း ရိုက်နှိက်သွားတယ်။ အိမ်တွေလည်း မီးရှို့သွားတာပါ" လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကြောင်းထိုး နေအိမ်မီးရှို့တာတွေကြောင့် ကျေးရွာနှစ်ရွာလုံးက ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အများစုက ရွာအတွင်းပြန်မဝင်ရဲသေးတာကြောင့် နီးစပ်ရာမှာ ခိုကပ်နေထိုင်ကြရတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
အဲဒီထဲက အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ အင်ငုတ္တိုကျေးရွာဟာ စစ်ကောင်စီတပ်ရဲ့ ဒုတိယအကြိမ်မြောက် မီးရှို့ခြင်းခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေရဲ့ အကြမ်းဖက်မီးရှို့မှုကြောင့် လူနေအိမ်ခြေ ၁၂၄ လုံးဆုံးရှုံးခဲ့ရကာ စပါးကျီအများပြားလည်း ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
ဩဂုတ် ၁၆ ရက်က ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာမှာလည်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။