ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်လက်ဝယ်ရှိ နိုင်ငံပိုင် မြေနဲ့အဆောက်အဦ၊ တိုက်ခန်းနဲ့ မြေကွက် စုစုပေါင်း ၂၇ ခုကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချမယ်လို့ အာဏာသိမ်းစစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MOPF) ရဲ့ ဝက်ဘ်ဆိုက်မှာ ဩဂုတ် ၁၈ ရက်စွဲနဲ့ ကြေညာထားပါတယ်။
ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတိုင်းတို့မှာရှိတဲ့ မြေနဲ့ အဆောက်အဦ ၂၅ ခု၊ သိုလှောင်ရုံ ၆ လုံး၊ တိုက်ခန်း ၂ ခန်းတို့ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ဩဂုတ် ၁၉ ရက်ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ တင်ဒါခေါ်ယူရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လကုန်ပိုင်းမှာ ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့က မြေနဲ့ အဆောက်အဦနဲ့ မြေကွက် ၂၃ ခု၊ သိုလှောင်ရုံ ၆ လုံးကို ရောင်းချဖို့အတွက် အိတ်ဖွင့်တင်ဒါ တကြိမ် ခေါ်ယူခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၁ နိုဝင်ဘာလထဲမှာပဲ အဲဒီ မြေကွက် ၂၃ ခုနဲ့ သိုလှောင်ရုံ ၆လုံးအတွက် အိတ်ဖွင့်တင်ဒါ ထပ်မံခေါ်ယူခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ လက်ရှိ စစ်ကောင်စီကလုပ်နေတဲ့ နိုင်ငံပိုင်မြေ၊ အဆောက်အအုံတွေ ရောင်းချမှုတွေကို အသိအမှတ်မပြုဘူးလို့ ကြေညာထားပါတယ်။
တချိန်တည်းမှာပဲ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ပိုင်တဲ့ မြေ၊ အဆောက်အအုံ တွေကိုလည်း ဈေးကွက်ပေါက်ဈေးရဲ့ ၃၀ ရာခိုင်နှုန်း ဈေးနှုန်းသတ်မှတ်ပြီး The End of Dictatorship စီမံချက်နဲ့ NUG အစိုးရက ရောင်းချနေပါတယ်။