ဖေ့စ်ဘွတ်ခ်ကို ကန့်သတ်တာမှာ မအောင်မြင်တာကြောင့် နောက် လူမှုကွန်ရက်တခုနဲ့ အစားထိုးဖို့ ကြံစည်နေတယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဩဂုတ် ၁၇ ရက်က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ဟာ အမျိုးသားရေး စရိုက်လက္ခဏာ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု စတာတွေအပေါ်မှာ တော်တော်လွှမ်းမိုးမှုရှိတယ်လို့ ဆိုပါတယ်။
ပြီးတော့ ဖေ့စ်ဘွတ်ခ်ဟာ စစ်တပ်နဲ့ ပတ်သက်တာတွေကို အမြဲဖျက်ချနေတယ်လို့လည်း သူက ပြောပါတယ်။
“သူတို့(ဖေ့စ်ဘွတ်ခ်)အနေနဲ့ အမြဲတမ်းစောင့်ကြည့်နေပါတယ်။ လူမှုရေး စတန်းဒတ်ပေါ့။ သူတို့ပြောနေတဲ့ ဆိုရှယ်စတန်းဒတ်နဲ့ မကိုက်ညီတဲ့ဟာတွေကို ပယ်ဖျက်နေပါတယ် ဆိုပေမယ့် အမှန်တကယ် မြန်မာနိုင်ငံအနေနဲ့က ဖေ့စ်ဘွတ်ခ်ပေါ်မှာ အဖျက်ခံနေရတဲ့ဟာတွေသည် အမျိုးသားရေးပေါ့၊ ပြီးရင်တော့ ကျနော်တို့ နိုင်ငံတော်ရဲ့ အခြေခံယဉ်ကျေးမှုလည်းဖြစ်တဲ့ အမျိုးဘာသာ သာသနာနဲ့ ပတ်သက်လာပြီ တင်နေတဲ့ဟာတွေဆိုရင် အမြဲတမ်း အဖျက်ခံနေရတာကို ကျနော်တို့ တွေ့ရှိရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မကြာသေးခင်က ရုရှားနိုင်ငံမှာ မြန်မာစစ်တပ်က သွားရောက်ယှဉ်ပြိုင်တဲ့ ဗိုလ်လောင်းတွေဆုရတဲ့ ဗွီဒီယိုကို စစ်တပ်နဲ့ အရပ်ဘက်ကလူတွေ ဖေ့စ်ဘွတ်ခ်မှာ တင်တဲ့အခါ အမြဲဖျက်ချခံခဲ့ရတယ်ဆိုတာကို နမူနာအဖြစ် သူက ပြောဆိုပါတယ်။
ဒီလိုအကြောင်းတွေအပြင် အခုလည်း ဆူပူအကြမ်းဖက်တာတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာပဲ အများဆုံး လှုံ့ဆော်နေတာကြောင့် ဖေ့စ်ဘွတ်ခ်ကို ကန့်သတ်ဖို့ ကြိုးစားပေမယ့် ထင်သလောက်မအောင်မြင်တာကြောင့် နောက်ထပ် အစားထိုးနိုင်ဖို့ လူမှုကွန်ရက်တခုကို ဝန်ကြီးဌာန ၂ ခု၊ ၃ ခုနဲ့ ပညာရှင်တွေပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဖေ့စ်ဘွတ်ခ်ကို ကန့်သတ်ခဲ့ပေမယ့် VPN တွေနဲ့ ဆက်လက်သုံးစွဲလို့ ရနေတာကြောင့် အခုတော့ လုံးဝသုံးမရတော့အောင်အထိ လုပ်တော့မယ့်သဘော ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာပါ။