အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ရဲ့ ဗဟိုကော်မတီဝင်တယောက်ဖြစ်သူ ဆရာနိုင်းသီဟကျော်ကို ဩဂုတ် ၁၇ ရက်မှာ ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၅ နှစ် မျက်ကွယ်အမိန့်ချမှတ်ခဲ့ပါတယ်။
ဆရာနိုင်းသီဟကျော်ကို ပုဒ်မ ၅၂(က) အရ အမိန့်ချမှတ်တာဖြစ်ပြီး တရားရုံးမှာ ရုံးထုတ်ခြင်းမရှိဘဲ အမိန့်ချခဲ့တာလို့ သိရပါတယ်။
ဩဂုတ် ၁၁ ရက်ကလည်း ဆရာနိုင်းသီဟကျော်ကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅(က) အရ ထောင်ဒဏ် ၃ နှစ် မျက်ကွယ်အမိန့်ချမှတ်ခဲ့ပါသေးတယ်။
ဒါ့အပြင် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MUSU) အဖွဲ့ဝင်ဖြစ်သူ ကိုရန်စိုးပိုင်ကို မဟာအောင်မြေတရားရုံးက စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က) အတွက် တရားလိုစစ်ဆေးတာ၊ စွဲချက်တင်တာမရှိဘဲ တရားရေးလုပ်ထုံးလုပ်နည်း အားလုံးကို လွန်ဆန်ကာ မတရားမျက်ကွယ်မိန့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) က ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ဆရာနိုင်းသီဟကျော်၊ ကိုရန်စိုးပိုင်တို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ BEGSC ဗဟိုကော်မတီဝင် ဆရာနောင်ထက်အောင်၊ ဆရာမသက်ဆုလှိုင် တို့ကိုလည်း စစ်ကောင်စီက ပုဒ်မ ၅၂(က) နဲ့ စွဲဆိုထားတဲ့အပေါ် မတရား မျက်ကွယ်အမိန့် ချမှတ်ခဲ့တာတွေကိုတော့ သီးခြားစုံစမ်း အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။