ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃၊ တပ်ရင်း ၉ နယ်မြေမှာ သြဂုတ် ၈ ရက် နောက်ပိုင်းကစလို့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် ရွာပေါင်း ၃၀ ကျော်က ပြည်သူတွေ ဘေးလွတ်ရာနေရာတွေကို ရှောင်တိမ်းနေကြရတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
အခုလအတွင်း စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး သြဂုတ် ၈ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံး များခဲ့တဲ့နောက်ပိုင်း သမင်အင်းကုန်းရွာထိပ်၊ နတ်သံကွင်းတံတားထိပ်နဲ့ ကျောက်ကြီးမြို့အဝင်တွေကနေ ၁၂၀ မမတွေနဲ့ ကျေးရွာထဲ လှမ်းပစ်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လိမ်ပင်ကျေးရွာအတွင်းရှိ ၂၁ နှစ်အရွယ် အမျိုးသမီးခေါင်းကို ရှပ်ထိခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ မနက်ပိုင်းအထိ ပစ်ခတ်နေတာကြောင့် လယ်ဝိုင်းကြီး၊ အင်းနက်၊ ပတ္တလား၊ ဝက်လာတော၊ ကျောက်စရစ်၊ မက်မရမ်း၊ ကျွဲသလင်း ကျေးရွာအုပ်စုအတွင်း ရွာပေါင်း ၃၀ ကျော်က ဒေသခံပြည်သူတွေ ထွက်ပြးနေကြရကာ ကျေးရွာအတွင်း ကျန်ခဲ့တဲ့ ကျွဲ၊ နွား၊ အိမ်မွေးတိရစ္ဆာန်တွေကို အစာပြန်ကျွေးဖို့တောင် အခက်တွေ့နေရတယ်လို့ ဒေသခံ စစ်ဘေးရှောင် ပြည်သူတွေက ပြောပါတယ်။