စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရွှေတောအလုပ်လုပ်သွားမယ့် ပြည်သူ ၇ ယောက်အား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းတွေကို စွန့်ပစ်ထားခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြာရေးရဲ့ ဩဂုတ် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၄ ရက် မနက်ပိုင်းက ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာမှ ရွှေတောအလုပ်သွားလုပ်မယ့် အပြစ်မဲ့ပြည်သူ ၇ ယောက်ကို ရွှေဘိုကားကွင်းကိုအသွား အမှတ် ၂ ရပ်ကွက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ပြည်သူ ၇ ယောက်ကို ရွှေဘိုလေ့ကျင့်ရေး ၈ မှာ တညတာ စစ်မေးတာတွေ ပြုလုပ်ခဲ့ပြီးနောက် သြဂုတ် ၁၅ ရက်က ခင်ဦးမြို့နယ် ရွာသာကျေးရွာဇရပ်အနီးမှာ ပစ်သတ်ပြီး ရုပ်အလောင်းတွေကို စွန့်ပစ်ထားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့တဲ့ အပြစ်မဲ့ပြည်သူ ခုနှစ်ယောက်မှာ ကိုကျော်သူဟိန်း (အသက် ၁၉ နှစ်)၊ ကိုဇော်ဟိန်း (အသက် ၁၅ နှစ်)၊ ကိုမင်းကို (အသက် ၂၀ နှစ်)၊ ကိုမင်းညီ (အသက် ၁၄ နှစ်)၊ ကိုဖြိုးငွေစိုး (အသက် ၁၉ နှစ်)၊ ကိုနိုင်းနိုင်း (အသက် ၂၂ နှစ်) နဲ့ ကိုသူရထွန်း (အသက် ၂၁ နှစ်) တို့ ဖြစ်တယ်လို့ သိရပါတယ်။
သြဂုတ် ၁၅ ရက် နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့ပေါ်မှာ ဥစ္စာတွင်းကျေးရွာက လူငယ်နှစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး ဖခင်ဖြစ်သူက လိုက်လံရွေးထုတ်ဖို့ လာခဲ့ရာမှာ ဖခင်ဖြစ်သူပါ ပြန်မလွှတ်သေးဘဲ ဒီနေ့အထိ ဖမ်းဆီးထားတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ထားပါတယ်။
အခုရက်ပိုင်းအတွင်း ခင်ဦးမြို့နယ်မှာ ဖမ်းဆီးစစ်ဆေးခံရသူတွေ များနေတာကြောင့် အပြင်ထွက်သွားလာရာမှာ ဂရုစိုက်ကြဖို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတိပေး နှိုးဆော်ထားပါတယ်။