ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း သရီကုန်းဘောင်ကျေးရွာနေ မွေးမြူရေးလုပ်နေတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင် ၂ ယောက် သြဂုတ် ၁၃ ရက် မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ သရီကုန်ဘောင်ကျေးရွာ ဒေသခံတွေက ပြော ပါတယ်။
သရီကုန်းဘောင်ကျေးရွာသား တဦးက "သူတို့က ၂ ဦး သီရိကုန်ဘောင်စေတီရဲ့ တောင်ဖက် သရီကုန်တန်း နဲ့ ဂြင်းတော ကုလားရွာဟောင်းမှာ နွား နဲ့ ဆိတ် မွေးမြူရေး လုပ်နေကြတာ ကြာ ပါပြီ။ ဒီနေ့မနက် အာရုံမှာ ပစ်သတ်ခံပြီး သေဆုံးနေတယ်လို့ သိရတယ်။ ဘယ်သူ ပစ်တာလဲတော့ မသိပါဘူး။"လို့ ပြောပါတယ်။
ပစ်သတ်ခံခဲ့ရသူ ၂ ဦးမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က အသက် ၃၅ နှစ်အရွယ် ဦးဌေးလင်းနဲ့ မြောက်ဦးဒေသမှ ကိုမြတ်ခိုင်ကျော် အသက် ၂၂ နှစ်တို့ ဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒေသခံ တဦးက "သူတို့ ၂ ဦးလုံး ALP တပ်ဖွဲကလို့ သိရတယ်။ ဦးဌေးလင်းက ဒီမှာ အခြေချနေထိုင်နေတာ နှစ် အတော်ကြာပြီ။ မြောင်ဦးက လူငယ်ကတော ဒီကို ရောက်တာ မကြာသေးဘူး။"လို့ ဆိုပါတယ်။
ဩဂုတ် ၂ ရက်ကလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ရဲ့ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့အတူ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်ကို အေအေက ဖမ်းဆီးပြီးနောက် ALP တပ်ဖွဲ့တချို့က အေအေနဲ့ ဆက်စပ်သူများကို လိုက်ဖမ်းခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လတ်တလောမှာတော့ ဦးဌေးလင်းနဲ့ ကိုမြတ်ခိုင်ကျော်တို့ရဲ့ အလောင်းတွေကိုတော့ မောင်တော မြို့နယ်ကရုဏာကွန်ရက် အကူအညီနဲ့ မောင်တောခရိုင်ပြည်သူဆေးရုံသို့ ယူသွားတယ်လို့ သိရ ပါတယ်။
PHOTO-မောင်တောမြို့နယ် ကရုဏာကွန်ရက်