ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာအနီး စစ်ကောင်စီလက်အောက်ခံ မင်းဇင်သန့် ဦးဆောင်တဲ့ ပြည်သူ့စစ်စခန်း ၂ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က ဩဂုတ် ၁၁ ရက် မနက်ပိုင်းမှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ရှဒူးဇွပ်ကျေးရွာအနီးက စံပြပြည်သူ့စစ်စခန်းနဲ့ ကိုင်းတောပြည်သူ့စစ်စခန်း ၂ ခုကို ဒီကနေ့ မနက် ၃ နာရီလောက်က သွားရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ကေအိုင်အေ တပ်မဟာ ၂၊ တပ်ရင်း ၁၄ က သွားတိုက်တာ။ တိုက်ပွဲကတော့ မနက် ၃ နာရီကနေ ၇ နာရီအထိ ဖြစ်နေတာ။ ရှဒူးဇွပ်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခလရ ၂၉၇ ကနေလည်း လက်နက်ကြီးတွေနဲ့ ဆယ်ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့တယ်။ ပြည်သူ့စစ်တွေဘက်က အထိအခိုက်များတယ်ထင်တယ်။ အတိအကျတော့ မသိရသေးဘူး။”
ရှဒူးဇွပ်ကျေးရွာဒေသမှာ စစ်ကောင်စီလက်အောက်ခံ မင်းဇင်သန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က သူတို့အဖွဲ့တည်ရှိတဲ့ စံပြကျေးရွာ၊ ရှဒူးဇွပ်ကျေးရွာအဝင် တံတားအနီး တနေရာနဲ့ ကိုင်းတောမှော်အဝင် စတဲ့ ၃ နေရာမှာ ငွေကြေးကောက်ခံနေတာ ဖြစ်ပါတယ်။
မင်းဇင်သန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက် ရှဒူးဇွပ်ဒေသမှာ နယ်မြေစိုးမိုးနိုင်ဖို့ အရင်ကထက် စစ်အင်အားအများအပြားသုံးပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာပြီး ရှဒူးဇွပ်ကျေးရွာအနီးရှိ ကနွယ်သူမှော်ရှိ ကေအိုင်အေတပ်စခန်းတခုကိုလည်း ဇူလိုင် ၁၈ ရက်က ပထမဆုံးအကြိမ် သွားရောက်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။