စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ မံစီကြီးရွာမှာ ဩဂုတ် ၈ ရက်က ရှမ်းနီတပ်မတော် (SNA) ရဲ့ ပစ်ခတ်ဖမ်းဆီးသွားတာကို ခံခဲ့ရတဲ့ မံစီကြီးရွာသား သေဆုံးသွားပြီလို့ ဗန်းမောက်ဒေသခံတွေက ပြောပါတယ်။
ရှမ်းနီတပ်မတော်ရဲ့ ဖမ်းဆီးတာကို ခံရသူဟာ ကိုကျော်သက် ဆိုသူဖြစ်ကာ ဖမ်းဆီးစဉ်က သေနတ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးတာဖြစ်ပြီး ဩဂုတ် ၉ ရက်နေ့မှာ သေဆုံးတယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်လို့ ဗန်းမောက်ဒေသခံတဦးက ပြောပါတယ်။
“ကိုကျော်သက် သေဆုံးတယ်ဆိုတာ သတင်းအတည်ပြုလို့ရတယ်။ SNA က မိသားစုကို ဖုန်းဆက်လာတယ်လို့ သိရပါတယ်။ အလောင်းကိုတော့ မပေးနိုင်ဘူးလို့ ပြောလာပါတယ်။”
ဒါ့အပြင် လွန်ခဲ့တဲ့ ရက်သတ္တပတ်ကလည်း နားယကာကျေးရွာက ကဒူးလူမျိုး ကျင်းသားတဦးကိုလည်း ရှမ်းနီတပ်မတော် (SNA) က ရိုက်နှက်ဖမ်းခေါ်သွားပြီး ကျပ်ငွေ သိန်း ၂၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ သိရပါတယ်။