အလုပ်သမား ၄၀၀ ကျော်ကို တစုံတရာနစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်ခဲ့တဲ့ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်လုပ်ငန်းက အမေရိကန်ဒေါ်လာ ၁၁ သန်း တန်ဖိုးရှိတဲ့ တတိယမြောက် စက်ရုံကို ဖွင့်လှစ်ဖို့ ကြိုးစားနေတဲ့အပေါ် အလုပ်သမားသမဂ္ဂတွေက ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။
ဂျပန်အခြေစိုက် အထည်အလိပ်လုပ်ငန်းစုကြီးဖြစ်တဲ့ Honeys ကုမ္ပဏီကြီးက လုပ်ငန်းခွဲအနေနဲ့ မြန်မာနိုင်ငံမှာ Honeys အမှတ်-၁ နဲ့ Honeys အမှတ်-၂ ဆိုပြီး အထည်ချုပ်စက်ရုံ ၂ ရုံကို လာရောက်ဖွင့်လှစ်ထားပြီး ရင်းနှီးမြှုပ်နှံထားတာပါ။
ဒါပေမဲ့ ဒီစက်ရုံတွေဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ စက်ရုံဝန်ထမ်းတွေက အလုပ်သမားသမဂ္ဂဖွဲ့စည်းခဲ့တဲ့အပေါ် မကျေနပ်တာနဲ့ စပ်လျဉ်းပြီး အထည်ချုပ်ဝန်ထမ်း ၄၀၀ ကျော်တို့ကို တစုံတရာ နစ်နာကြေးမပေးဘဲ အလုပ်မှ ထုတ်ပစ်ခဲ့ပါတယ်။
ဒါကြောင့် လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတို့အပေါ် လေးစားလိုက်နာမှု မရှိတဲ့ ဂျပန်နိုင်ငံသားပိုင် Honeys အထည်အလိပ်လုပ်ငန်းမှ နောက်ထပ်အသစ် ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းကို အလုပ်သမားသမဂ္ဂတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
သမဂ္ဂခေါင်းဆောင်တဦးက “ဘယ်စက်ရုံကမျှ အလုပ်သမားတွေကို အစုလိုက်အပြုံလိုက် အလုပ်ထုတ်ပြစ်ပြီးတော့ နစ်နာကြေး မပေးတာမျိုး မရှိခဲ့ဘူးနော်။ ဒီ့အတွက် ကျမတို့က တရားမျှတမှု ရရှိဖို့ န်ိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်နေတာဟာ အခုအချိန်အထိ မပြီးပြတ်သေးဘူး။ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်ဒေါ်လာ ၁၁ သန်း တန်ဖိုးရှိတဲ့ Honeys အမှတ်-၃ စက်ရုံအသစ်ထပ်ဖွင့်ဖို့ ကြိုးစားနေတာကို ကျမတို့က တားမြစ်တာပါ။ ဘာလို့လဲဆို လူ့အခွင့်အရေး နဲ့ အလုပ်သမားအခွင့်အရေး အပေါ် လေးစား လိုက်နာမှုမရှိတဲ့ လုပ်ငန်းရှင်က ထပ်ပြီးကျူးလွန်မှုတွေ ရှိလာမှာဖြစ်လို့ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုအသစ်ကို ကျမတို့က ကန့်ကွက်တာ၊ တားမြစ်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဂျပန်အစိုးရကလည်း မြန်မာအလုပ်သမားတွေဘက်က ရပ်တည်မှု မရှိတာကြောင့် Honeys အမှတ်တံဆိပ်သုံးစွဲသူ ဂျပန်ပြည်သူတွေအနေနဲ့ ဖိနှိပ်ခံ မြန်မာအလုပ်သမားတွေရဲ့ တောင်းဆိုမှုကို လက်ခံပေးဖို့ အလုပ်သမားသမဂ္ဂတွေက တောင်းဆိုလိုက်ပါတယ်။
အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတဦးက “ကျမတို့ ဆန္ဒပြနေတဲ့ အချိန်တုန်းက ဂျပန်အခြေစိုက် အသံလွှင့်ဌာနတွေ လာရောက်ရိုက်ကူးပြီး အင်တာဗျူးခဲ့တာ ရှိတယ်နော်။ ဒါပေမဲ့ သူတို့နိုင်ငံမှာ ဒါကို ပြန်ပြီးတော့ မထုတ်လွှင့်ကြဘူး။ အဲ့ဒါဘာလဲဆိုရင် သူတို့နိုင်ငံသားနဲ့ သူတို့ အတူတူပဲဆိုတာ ပြသရာ ရောက်တယ်။ ပြီးတော့ ဂျပန်သံရုံးက စီးပွားရေးသံအရာရှိနဲ့ ဒီကိစ္စကို ညှိနှိုင်းဖြေရှင်းပေးဖို့ ကျမတို့ တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က သူ့နိုင်ငံသား မှန်တယ်ဆိုတဲ့ဘက်ကပဲ ရပ်တည်ပေးခဲ့ကြတယ်။ ဒါကြောင့် ကျမတို့က စားသုံးသူကိုပဲ ပစ်မှတ်ထားရမှာပါ။ ဒီတော့ ဂျပန်နိုင်ငံမှာ ရှိတဲ့ Honeys အဝတ်အထည်သုံးစွဲသူတွေအနေနဲ့ ကျမတို့နဲ့အတူ ရပ်တည်ပေးဖို့ တောင်းဆိုပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံ ၂ ခုစလုံးဟာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်ရှိ ဇေကမ္ဘာဝင်းအတွင်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။