မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်က နေအိမ်ကို သြဂုတ် ၆ ရက်မှာ စစ်ကောင်စီက ချိပ်ပိတ်လိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
“မိသားစုအလိုက် အရင်တည်းက ဒီနေ့အထိ ရှောင်ပြေးနေရတယ်။ အခုက အိမ်ကိုပဲ ချိပ်ပိတ် လိုက်တယ်။”
ရေးမြို့နယ်မှာ NLD ပါတီ ထောက်ခံသူတွေရဲ့ နေအိမ်တွေ၊ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့သူတွေရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံနေရတာ ၁၀ လုံးလောက် ရှိပြီလို့ သိရပါတယ်။
လ၀ကရုံးတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပြီးမှာ PDF တွေနဲ့ ပါဝင်ပက်သက် ဆက်နွှယ်တယ်ဆိုပြီး ဖမ်းဆီးခံရထားရသူက ၁၀ ယောက်ထက်မနည်း ရှိနေပြီး ဒီနေ့အထိ ပြန်မလွတ်လာသေးတဲ့ အတွက် မိသားစုတွေ စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဒေသန္တရအမိန့်ထုတ်ပြန်ပြီးတဲ့နောက် လုံခြုံရေး ပိုမိုတင်းကျပ်ကာ အသွားလာ ကန့်သတ်ထားပြီး လမ်းတွေပိတ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်ပူပန်ကြပြီး ဆန်၊ ဆီ၊ ဆေး၊ ဆားတွေ ဝယ်ယူမှု မြင့်တက်လာနေတယ်လို သိရပါတယ်။