စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျွန်းကလေးရွာအနီး ချင်းတွင်းမြစ်ဆိပ်ကမ်းမှာ ဩဂုတ် ၄ ရက် မနက်ကတည်းက လက်နက်ခဲယမ်းတွေတင်လာတဲ့ စစ်ကောင်စီရေယာဉ် ၃ စီး ဆိုက်ကပ် တပ်စွဲနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မုံရွာမြို့နယ် အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော တစီး၊ ဖလပ်ခွန် တစီးနဲ့ ရှပ်ပြေးရေယာဉ် တစီး၊ ယမ်းအိတ်တွေနဲ့ လက်နက်ရိက္ခာ လူအင်အား ၂၀၀ ထက်မနည်း တင်ဆောင်တယ်လို့ ကျောက်လုံးကြီး-KLG တပ်မဟာ တာဝန်ခံတဦးက ပြောပါတယ်။
“စစ်သင်္ဘော တစီး၊ ဖလပ်ခွန် တစီး၊ ရှပ်ပြေး တစီး မုံရွာမြို့ ကျွန်းကလေးထိပ်တည့်တည့်မှာ ရောက်နေပြီ။ ကျနော်တို့မြင်ရတာကတော့ ယမ်းအိတ်နဲ့ ဆိုင်ကယ်တွေလည်း အများကြီးပါတယ်။”
စစ်ရေယာဉ်အုပ်စုမှာ ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့နယ်နဲ့ ခန္တီးမြို့နယ်ဘက်ထိ ဆက်လက်ဆန်တက်မယ်လို့ ယူဆရတာကြောင့် မြစ်ကြောင်းတလျှောက် ကမ်းဘေး ဝဲ/ယာရှိ ကျေးရွာဒေသခံတွေ ဂရုစိုက်ပြီးနေကြဖို့ကိုလည်း ကျောက်လုံးကြီးတပ်မဟာ တာဝန်ခံက သတိပေးပြောဆိုထားပါတယ်။