ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တူးမဝ(တုံးမဝ) ကျေးရွာက ကျောင်းတက်ပြီးပြန်လာတဲ့ ကျောင်းကြိုပို့စက်လှေကို ဩဂုတ် ၂ ရက်က စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ဦးသေဆုံးကာ ကျောင်းသား ၂ ဦးနဲ့ ကျောင်းလုပ်သား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရက္ခိုင်တပ်တော်(အေအေ) က ဩဂုတ် ၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
သေဆုံးသွားတဲ့ ကျောင်းသားနှစ်ဦးမှာ မောင်နေမင်းထွန်း (၁၃ နှစ်) နဲ့ မောင်အောင်သန်းမြင့် (၁၂ နှစ်) တို့ဖြစ်ကြပြီး ဒဏ်ရာရရှိခဲ့သူတွေက မောင်အောင်လင်းဝင်း (၁၂ နှစ်)၊ မခင်စီ (၁၂ နှစ်) နဲ့ ဦးဗဒူးအောင် (၅၆ နှစ်) တို့ဖြစ်ကြပြီး သူတို့ဟာ ပလက်ဝမြို့နယ် ရဲမဝ(ရီမဝ) ကျေးရွာက ဖြစ်ကြပါတယ်။
သူတို့ ၅ ဦးဟာ ဩဂုတ် ၂ ရက် နေ့လယ် ၁ နာရီ ၃၅ မိနစ်လောက်က ပလက်ဝမြို့နယ် တူးမဝ(တုံးမဝ) ကျေးရွာကနေ ကျောင်းတက်ပြီး ရဲမဝ(ရီမဝ) ကျေးရွာကို ပြန်လာစဉ် နှမဒါကျေးရွာ စေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် ကျောင်းသားနှစ်ဦး သေဆုံးခဲ့ကာ ကျောင်းသား ကျောင်းသူတချို့ အပါအဝင် ကျောင်းလုပ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မောင်နေမင်းထွန်းနဲ့ မောင်အောင်သန်းမြတ်တို့ နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ကာ မခင်စီမှာ ခြေထောက်နှစ်ဖက် ပြင်းထန်ဒဏ်ရာနဲံ မောင်အောင်လင်းဝင်းမှာ ကျောကုန်း ကျည်ချော်ဒဏ်ရာ ရရှိခဲ့သလို ကျောင်းလုပ်သား ဦးဗဒူးအောင်မှာ ညာဘက်လက်ကောက်ဝတ် ကျည်ဖောက်ထွင်းဒဏ်ရာနဲ့ ဘယ်ဘက်နားရွက်ပြတ်ထွက် ဒဏ်ရာတွေ ရရှိခဲ့ပြီး ပလက်ဝပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ကုလားတန်မြစ်ကြောင်းတလျှောက်မှာ ကူးသန်းရောင်းဝယ်ရေးနဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် သွားလာနေကြတဲ့ ပြည်သူတွေကိုလည်း မြစ်ကြောင်းကမ်းနားဘေးမှာ စခန်းချ တပ်စွဲဂိတ်ချထားတဲ့ စစ်ကောင်စီတပ်တွေက အတင်းအဓမ္မ ပစ္စည်းတောင်းခံတာ၊ ငွေကြေးကောက်ခံတာ၊ သေနတ်ဖောက် ရပ်တန့်ခိုင်းတာ၊ မရပ်တန့်တဲ့ စက်လှေတွေကို ပစ်ခတ်မှုတွေ ပြုလုပ်တာကြောင့် ဒဏ်ရရှိသူတွေ၊ သေဆုံးသူတွေရှိကာ ပြည်သူလူထုတွေ အကြောက်တရား စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတာ ပကတိအမှန်တရားတခုဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပလက်ဝမြို့နယ် အရှေ့ဘက် ကင်းချောင်းရွာနဲ့ သူဌေးကုန်းတောင်မှာ ဩဂုတ် ၂ ရက် မနက်ပိုင်းကနေ နေ့လယ်ပိုင်း ၃ နာကျော်အထိ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ခဲ့ကြသလို ဩဂုတ် ၃ ရက်မှာလည်း စစ်ကောင်စီတပ်ရင်း ၂၈၉ ကနေ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိသလို အင်အားတိုးချဲ့နေတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ကတော့ တိုက်ပွဲဖြစ်ခဲ့တာတွေရှိတယ်လို့ သိရတယ်။ စစ်ကောင်စီက လက်နက်ကြီး ပစ်ကူရော အင်အားတိုးချဲ့နေတာတွေပါ ရှိတယ်။ ဒီနေ့မှာလည်း စစ်ကောင်စီက လက်နက်ကြီး ပစ်နေတာတွေရှိတယ်။”
ဒါ့အပြင် မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင်အမှတ် ၄၀ အနီးမှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုတွေ ရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။