ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ ၊ ဖာပွန်(မူတြော်) ခရိုင်မှာ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်၊ BGF တပ်တွေနဲ့ KNLA တပ်တို့ တိုက်ပွဲပေါင်း ၁၁၀ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့ဝင် ၈၈ ဦးသေဆုံးပြီး ၅၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် သေဆုံးသူ ၈၈ ဦးရှိပြီး၊ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၅၇ ဦးဒဏ်ရာရှိခဲ့သလို KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်က ကျဆုံးသူမရှိဘဲ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါအပြင် စစ်ကောင်စီရဲ့ထောက်ပံ့ပို့ဆောင်ရေးမြင်းလား ၈ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရှိရှိခဲ့သလို လက်နက်ခဲယမ်းသယ်ဆောင်လာတဲ့ စစ်ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အများအပြားအသုံးပြုခဲ့သလို အပြစ်မဲ့ပြည်သူနေထိုင်ရာ ကျေးရွာတွေအတွင်းကို အကြောင်းမဲ့ရည်ရွယ်ပစ်ခတ်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ BGF-နယ်ခြားစောင့်တပ်တွေဟာ ဖာပွန်(မူတြော်)ခရိုင်က မြို့နယ် ၃ မြို့နယ်အတွင်းကို နယ်မြေကျော်ဝင်ရောက်လာပြီး အပြစ်မဲ့ပြည်သူတွေရဲ့ လယ်ယာ၊ ဥယျာဉ်ခြံမြေနဲ့ လုပ်ငန်းခွင်အတွင်းကို အမြောက်လက်နက်ကြီးကျည် ၆၇ လုံးပစ်ချခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။