Home
မြန်မာသတင်း
နောင်ချိုတွင် CDM ဝန်ထမ်း အပါအဝင် လူငယ် ၁၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
August 3, 2022

မန္တလေးတိုင်းနဲ့ နယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က မြို့မိမြို့ဖတချို့၊ CDM ကျောင်းဆရာ အပါအဝင် လူငယ် ၁၄ ဦးကို အာဏာသိမ်းစစ်ကောင်စီက အခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သူတို့တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့နေတယ်ဆိုပြီး အထောက်အထားမဲ့ စွပ်စွဲကာ စစ်ကောင်စီလော်ဘီ Ta Min Tar Gyi ဆိုတဲ့အကောင့်နဲ့ လူမှုကွန်ရက်မှာ စဥ်ဆက်မပြတ် ဖော်ပြပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ရွှေသစ္စာမုန့်ဆိုင်က ဦးထွန်းဝင်း၊ ဦးမြင့်နိုင်၊ ရွှေနိုင်ငံဓာတ်ပုံတိုက်က ဦးဝင်းသူ၊ MC စက်သုံးဆီဆိုင်က မမိချို၊ စိုင်းထွန်းထွန်းဦး၊ ရတနာသိင်္ဂီ စားသောက်ဆိုင်က ကိုအံ့ကူဇနီးနဲ့ ဝန်ထမ်း ၅ ဦးအပြင် CDM ကျောင်းဆရာ ကိုကုဋေစိန်တို့ကို ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၁၁၅ မှာ ချုပ်နှောင်ထားတယ်လို့  မြို့ခံတွေက ဆိုပါတယ်။

CDM ကျောင်းဆရာ ကိုကုဋေစိန်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအောက်မှာ ဖွင့်လှစ်တဲ့ Kaung for you ဖက်ဒရယ်ပညာရေးကျောင်းနဲ့ ဆက်သွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရကာ ကျန်တဲ့သူတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲ ဖမ်းဆီးခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်မြေတခုဖြစ်ပြီး စစ်ကောင်စီနဲ့ အခြေစိုက်တပ်ရင်းပေါင်း ၅ ရင်းအထက်မှာရှိကာ ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်ထောက်ခံသူတွေလည်း အားကောင်းတဲ့ မြို့နယ်တခု ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024