ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူးညာဏကျေးရွာမှာ သြဂုတ် ၂ ရက် ဒီနေ့ မနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးလင်မယား သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပေါင်းကူးညာဏကျေးရွာ ဒေါ်ငိုလမ်း ဒေါ်ငိုတံတားထိပ်မှာ ဒီနေ့မနက် ၉ နာရီက ကျောင်းပို့ပြီးပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး လင်မယားကို ဆိုင်ကယ် ၃ စီးနဲ့ အမည်မသိ လူ ၆ ယောက်က ပစ်ခတ်ခဲ့တာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဗုံးအရင်ပေါက်တာ၊ ပြီးမှ သေနတ်ပစ်သံတွေကြားတာ။ သေနတ်သံတွေကတော့ ဆူညံနေတာပဲ။ စစ်တပ်က နောက်မှရောက်လာပြီး စစ်ဆေးမှုတွေ လုပ်တာ။”
သေဆုံးသူနှစ်ယောက်ဟာ ရွှေနံ့သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းနဲ့ ဇနီးဖြစ်သူ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဒေါ်ဟေမာလွင်တို့ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဒေါ်ငိုတံတားထိပ်မှာ ဗုံးပေါက်လို့ ကားခဏရပ်နေတုန်းအချိန် ဆိုင်ကယ်တွေနဲ့ လာပစ်သွားတာ နှစ်ဦးစလုံးပွဲချင်းပြီး သေတယ်။”
လတ်တလောမှာ စစ်ကောင်စီတပ်တွေက ပေါင်းကူးညာဏကျေးရွာနဲ့ ဒေါ်ငိုတံတားထိပ်မှာ လမ်းသွားလမ်းလာနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေပြီး ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။