Home
မြန်မာသတင်း
လာမည့် ၆ လအတွင်း အလုပ်လုပ်သူတိုင်းဝင်ငွေရလာမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
DVB
·
August 2, 2022

လာမယ့် ၆ လအတွင်းမှာ အလုပ်လုပ်သူတိုင်းဝင်ငွေရလာမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

မနေ့က စစ်တပ်ဩဇာခံ မီဒီယာတွေကနေ ထုတ်လွှင့်ခဲ့တဲ့ အာဏာသိမ်း ၁၈ လပြည့်အနေနဲ့ ပြောဆိုတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

“အမြန်အကျိုးရလဒ်ဖြစ်စေမဲ့(Quick Win)လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းအတွက် ပထမဦးစားပေးဆောင်ရွက်သွားပါမယ်။ ဒုတိယဦးစားပေးက အဲ့ဒီထွက်ကုန်များကို ကုန်ချောဆောင်ရွက်ပေးတဲ့ စက်ရုံ၊ အလုပ်ရုံများ အဆင့်မြှင့်တင်ရေး၊ SME မှာ အကျုံးဝင်မယ့် စက်ရုံများတည်ထောင်ရေးကို ထောက်ပံ့ဆောင်ရွက်ပါမယ်။ နောက်ကျန်တဲ့ စက်ရုံ၊ အလုပ်ရုံများအတွက် ဆောင်ရွက်ပါမယ်။ သီးခြားလိုအပ်တဲ့လုပ်ငန်းများအတွက်လည်း တစ်ခုခြင်း စီမံဆောင်ရွက်သွားပါမယ်။ ကျနော်ထင်ပါတယ်။ ၆ လအတွင်း တိုးတက်မှုရပါလိမ့်မယ်။ (တစ်) အလုပ်အကိုင် အခွင့်အလမ်းများစွာပေါ်လာမယ်၊ (နှစ်) အလုပ်လုပ်သူတိုင်းဝင်ငွေရလာမယ်၊ (သုံး) ဝယ်လိုအားတိုးတက်လာမယ်၊ (လေး) ရောင်းကုန်ပစ္စည်းများတိုးတက်လာတဲ့အတွက် တိုင်းပြည်ဝင်ငွေ ပိုမိုတိုး တက်လာပါမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ကိုဗစ်ကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ချေးငွေတွေ ထုတ်ပေးခဲ့ပေမယ့် သိသာတဲ့တိုးတက်မှုမရတာကြောင့် အခု ချေးငွေ ထပ်ပေးမယ်လို့လည်း ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်ကစတင်ပြီး အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကနေ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့စိစစ်သုံးစွဲလျက်နေတဲ့ ရန်ပုံငွေလက်ကျန် ၄၉၁ ဒသမ ၁၈ ဘီလီယံကနေ ကျပ်ဘီလီယံ ၄၀၀ (ကျပ်သန်းပေါင်း ၄ သိန်း)ကို သီးသန့်ရန်ပုံငွေ တရပ်ထူထောင်ပြီး လုပ်ငန်းတွေကို ချေးသွားမယ်လို့ ပြောပါတယ်။

သူ့ရဲ့ စီးပွားရေးလမ်းစဉ်ကတော့ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ တလျှောက်လုံး ပြောဆို လုပ်ကိုင်လာခဲ့တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံထားတာကို တွေ့ရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ဖာသာ တာဝန်ပေးထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့ မိန့်ခွန်းပြောခဲ့တာဖြစ်ပြီး အချက်အလက်အကြောင်းအရာတွေကတော့ ဇူလိုင် ၃၁ ရက်မှာ လုပ်ခဲ့တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ အာဏာသိမ်းသက်တမ်းတိုးပေးဖို့ အကြောင်းပြ ပြောဆိုခဲ့တာတွေဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

စစ်ခေါင်းဆောင်ဟာ သူ့ကိုယ်သူ အစိုးရ လို့ သုံးနှုန်းပြီး သူတို့လက်ထက်မှာ ကုန်သွယ်မှုပိုငွေ   အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံရှိလာတယ်လို့လည်း ပြောပါတယ်။

စီးပွားရေးတိုးတက်အောင်ဆောင်ရွက်မယ်လို့ ပြောဆိုနေပေမယ့် နိုင်ငံအတွက်လိုအပ်တဲ့ စက်သုံးဆီကိစ္စကို တိတိကျကျ မ‌ပြောဆိုခဲ့သလို ဆီထွက်သီးနှံတိုးစိုက်မယ်လို့ ပြောပေမယ့် စားသုံးဆီကို လျှော့စားဖို့လည်း သူက ပြောပါတယ်။

“စက်မှုသုံးဆီက လျှော့ချမှုမဖြစ်နိုင်ပေမဲ့ စားသုံးနှုန်းများပြားနေတဲ့ စားသုံးဆီကိုတော့ အတတ်နိုင်ဆုံး လျှော့ချသုံးစွဲဖို့  ကျနော်တိုက်တွန်းလိုပါတယ်။  တိုင်းရင်းသားပြည်သူ များဘက်ကလည်း တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်ပေးကြပါလို့ပြောလိုပါတယ်။ နိုင်ငံတော်ပိုင်းက ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စိုက်ပျိုးရေရရှိရေး တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေပါတယ်။ လယ်ယာလုပ်ငန်းသုံး ဒီဇယ်ဆီများရရှိရေးအတွက်လည်း နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

အာဏာသိမ်း သက်တမ်းကို ဇူလိုင် ၃၁ ရက်ကမှ နောက်ထပ် ၆ လ တိုးခဲ့ပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လာမယ့်ပညာသင်နှစ်မှာ ပထမအဆင့် ခရိုင် ၅၀ က အထက်တန်း ကျောင်း ၁ ကျောင်းစီမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုပညာရပ်တွေ တွဲဖက်သင်ကြားပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့  (ILO) ကတော့ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာလွှဲယူပြီးနောက် ၁၈ လ ကြာကာလနဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု တနှစ်ခွဲကြာကာလမှာ အလုပ်အကိုင်ဆုံးရှုံးမှုတွေနဲ့ အလွန်အမင်း ကြုံတွေ့နေရပြီး ၂၀၂၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ပါက အလုပ်ကိုင် ၁.၁ သန်း နည်းပါးသွားကြောင်း ခန့်မှန်းထားပါတယ်။

အိုင်အယ်(လ်)အို ဆက်သွယ်ညှိနှိုင်းရေးအရာရှိဖြစ်သူ Mr. Donglin Li က “စစ်တပ်က အာဏာလွှဲယူပြီး ၁၈ လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခြေအနေဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကန့်အသတ်ရှိနေတဲ့ အလုပ်အကိုင် တိုးတက်မှု လက္ခဏာတွေ ရှိနေပေမယ့်၊ လက်ရှိလုံးပါးပါးနေတဲ့ အလုပ်အကိုင်အခြေအနေ ဆိုးရွားမှုတွေနဲ့ အလုပ်အကိုင် အရည်အသွေးကျဆင်းမှုဟာ အလွန်အမင်းစိုးရိမ်ဖွယ်ရာ ကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်” လို့ ပြောပါတယ်။

Photo-DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024