အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တမူး-ကလေးကားလမ်းမဘေးရှိ နမွန်းသားကျေးရွာအနီးမှာ ဇူလိုင် ၂၈ ရက်က စစ်ကောင်စီတပ်နဲ့ တမူးဒေသခံကာကွယ်ရေးတပ်ဖွဲ့၊ ABSDF၊ Special Take Force နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ မိနစ်အနည်းငယ်ကြာ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တမူး PDF ရဲဘော်တဦးက “ခမိတ်ကျေးရွာကနေ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ပြီး ၁၅ မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြတာ။ သူတို့က အင်အားများတော့ မိုင်းဆွဲပြီး ခဏပဲ အပြန်အလှန်ပစ်ခဲ့ကြတယ်။ အင်အားမမျှတော့ ပြန်ဆုတ်ခဲ့ရတယ်။ ဟိုဘက်က အထိအခိုက်ရှိနိုင်ပေမဲ့ မသိခဲ့ရဘူး။ ရဟတ်ယာဉ်လည်း နမွန်းသားမှာ လာဆိုက်တယ်။ အကောင်ကြီးတကောင်တင်ပြီး မော်လိုက်ကိုပြန်သွားတယ်။ အခုရက်ပိုင်း ကျနော်တို့ အထူးသတိထားနေရတယ်” လို့ ပြောပါတယ်။
နမွန်းသားကျေးရွာဟာ တမူးမြို့ကနေ ကလေးဘက်ကိုသွားတဲ့ ကားလမ်းဘေးမှာရှိပြီး တမူးကနေ ၁၃ မိုင် ကွာဝေးပါတယ်။ အဲ့ဒီ နမွန်းသားရွာက ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
လတ်တလော တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။