Home
ဆောင်းပါး
သေနတ်ဆိုတာ ကိုင်တတ်ဖို့လိုတယ် (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
July 29, 2022

၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့ဆိုတာ ခေတ်သစ်မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ် လက်နက်နဲ့ အာဏာသိမ်းမှုကြီးဖြစ်တယ်။ အစိုးရအဖွဲ့ အကုန်လုံးနီးပါးကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ပေမဲ့ မအောင်မြင်။ မြန်မာ့သမိုင်းမှာ အားလုံးသိကြတဲ့ အဆိုးတကာ့ထိပ်ခေါင် ဂဠုန်ဦးစော ကြိုးပေးသတ်ခံရတယ်။

ဦးစော ဆိုတာက တချိန် ဂဠုန်တပ်တို့ရဲ့ ဗိုလ်ချုပ်။ ဂဠုန်တွေကို သခင်တွေက သံပုံးတီး တောထုတ်တဲ့အခါ ဂဠုန်တွေက သံတုတ်နဲ့ပြန်တွယ်တာမို့ ဝါးရင်းတုတ်တပ်အဖြစ် ထင်ရှားခဲ့တယ်။ ပြောရရင် ဂဠုန်ဦးစောဟာ အဲဒီလို အစဉ်အလာရှိခဲ့တဲ့သူ။

ပညာအရည်အချင်း သတ္တမတန်းအဆင့်သာ အောင်မြင်ခဲ့ပြီး တတိယတန်း ရှေ့နေအဖြစ် ကိုယ့်ဒူးကိုယ်ချွန် အသက်မွေးခဲ့သူဟာ အင်္ဂလိပ်ခေတ် ရန်ကုန်တက္ကသိုလ်ဘွဲ့ရ၊ ပြီးတော့ ကမ္ဘာကျော် ကိန်းဘရစ်ချ်တက္ကသိုလ်ကနေ ဝတ်လုံဘွဲ့ရရုံတင်မက ပြင်သစ်နိုင်ငံ ဘော်ဂိုးတက္ကသိုလ်ကနေပါ ပါရဂူဘွဲ့ရပြီး အင်္ဂလိပ်စကားကို အင်္ဂလိပ်အစစ်တယောက်လို ပြောဆိုနိုင်တဲ့ နန်းရင်းဝန် ဒေါက်တာဘမော်ကိုတောင် နိုင်ငံရေးအရ ဖက်ပြိုင်နိုင်ခဲ့သူ။

ဦးစောဟာ ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့၊ လွှတ်တော်အစည်းအဝေးကနေ ဒေါက်တာဘမော် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းကာ ဖြုတ်ချ။ ဦးပု ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရမှာ ဦးစောဟာ ဝန်ကြီးဖြစ်လာရုံတင်မက နန်းရင်းဝန်ဦးပုကိုပါ အယုံအကြည်မရှိအဆို တင်သွင်းဖြုတ်ချကာ နန်းရင်းဝန်ဦးစော ဖြစ်လာခဲ့သူ။ အင်္ဂလိပ်ခေတ် နန်းရင်းဝန်ဆိုတာ မြန်မာလူမျိုးတွေထဲ အမြင့်ဆုံးသော နိုင်ငံရေးအာဏာပိုင်။

ဒုတိယကမ္ဘာစစ်အတွင်း ယူဂန္ဓာနိုင်ငံထောင်ထဲရောက်နေတဲ့ ဦးစော စစ်ကြီးအပြီး ရန်ကုန်ပြန်ရောက်တော့ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ ဒေါက်တာဘမော် ဆိုတာလည်းမရှိ၊ ဦးစောဆိုတာလည်းမရှိ။ သူတို့ ခေတ်သစ်နိုင်ငံရေးရဲ့ ပထမမျိုးဆက်တွေ အကုန် ဘယ်လိုမှ ပြန်ဆက်လို့မရအောင် ခေတ်တခေတ် ကုန်သွားတဲ့ အနေအထား။

တချိန်က ဂဠုန်ဦးစောတို့ ရွှေထီးဆောင်းခဲ့တဲ့နေရာမှာ သူတို့ရဲ့ နောက်ပေါက်အဖြစ် သူတို့ ဘယ်လိုမှ အထင်ကြီးလို့မရတဲ့ သခင်အောင်ဆန်းနဲ့ တို့ဗမာအစည်းအရုံးဝင် သခင်နိုင်ငံရေးသမားတွေက ပြည်သူထိုးထားတဲ့စင်ပေါ် ရောက်ရှိနေခဲ့တယ်။

နိုင်ငံရေးကို နိုင်ငံရေးနည်းအတိုင်း ရိုးရိုးသားသား ယှဉ်ပြိုင်ရမယ်ဆိုရင် နန်းရင်းဝန်ဦးစောဟာ လွှတ်တော်အမတ်အဆင့် အရွေးခံရဖို့ပင် မလွယ်မှန်း သိခဲ့တဲ့ပုံ။ ဂဠုန်မာန်နဲ့ ဝါးရင်းတုတ် စိတ်ဓာတ်တွေ သွေးထဲနစ်နေတဲ့ ဦးစောဟာ အာဏာကို ဖြတ်လမ်းကရယူဖို့ ကြိုးစားရင်း မြန်မာနိုင်ငံရဲ့ ကံကြမ္မာကိုပါ မှောက်လှန်ပစ်လိုက်သလားလို့ ထင်ရတဲ့ ဇူလိုင် ၁၉ ဆိုတာ ဖြစ်လာတယ်။

ဒုတိယကမ္ဘာစစ်အတွင်း သေနတ်နဲ့ ကောင်းကောင်းယဉ်ပါးခဲ့တဲ့ အဲဒီခေတ် နိုင်ငံရေးအင်အားစုတွေရဲ့ အသိအိမ်ထဲ ဒီမိုကရေစီယဉ်ကျေးမှုတွေ ခန်းခြောက်လာခဲ့လို့လား။ အရေးရယ် အကြောင်းရယ်ဆို သေနတ်ရှိတဲ့ကောင် အနိုင်ဆိုတဲ့ ယဉ်ကျေးမှုထဲ ပျော်ဝင်နေကြလို့များလား။ မတူညီတဲ့ ယုံကြည်မှုအပေါ် ရန်သူလို့ ပြတ်ထင်စွာ အာဏာနဲ့ ဖိနှိပ်သူနဲ့ အာဏာကို သေနတ်နဲ့ တော်လှန်မယ်ဆိုတဲ့ နှစ်ဖက်ကြား ရန်-ငါစည်းပြတ်ကြ။

မိတ်ဆွေချင်း သေနတ်ချင်း ဖြေရှင်းရာကနေ သေနတ်သမားတွေရဲ့ အခန်းကဏ္ဍကို အရေးပါတဲ့ နေရာဆီ မရည်ရွယ်ဘဲ တွန်းတင်ပေးလိုက်သလို ဖြစ်ခဲ့တယ်။ သေနတ်သမားတွေ ပိုမော်ကြွားလာရာကနေ ပိုမောက်မာခဲ့တယ်။ တိုင်းပြည်အာဏာဟာ ငါတို့ရှိနေလို့သာ ဆက်ရှင်သန်နိုင်တယ် ဆိုတာမျိုး၊ နိုင်ငံရေးသမားတွေလောက်တော့ ငါတို့လည်း တိုင်းပြည်အုပ်ချုပ်နိုင်တာပဲ ဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ် ထင်တလုံး ဖြစ်လာခဲ့တယ်။

အဲဒါတွေရဲ့အဆက် ၁၉၅၈ ခုနှစ်မှာ မရဲတရဲ အာဏာသိမ်းမှုနဲ့ ၁၉၆၂ ခုနှစ်မှာ ဘယ်တော့မှ အာဏာပြန်မပေးဘူးဆိုတဲ့ အာဏာသိမ်းမှုကြီး။ ၁၉၆၂ ခုနှစ်ဆိုတာ ပထမဆုံးအကြိမ် လက်နက်နဲ့ အာဏာသိမ်းပွဲ အောင်မြင်ခဲ့ကာ မြန်မာပြည်ကြီး ကံဆိုးမိုးမှောင်ကျခဲ့တယ်။

အာဏာဟာ အတိုင်းအဆမဲ့ တန်ဖိုးကြီးမှန်း ပထမအာဏာရှင် နေဝင်းရော စစ်တပ်ပါ ကောင်းကောင်းသိခဲ့တယ်။ စစ်တပ်ဟာ တိုင်းပြည်ကို ငရဲတွင်းထဲ တွန်းပို့ဖို့သာ တတ်ကြောင်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် အဖြစ်နဲ့ သက်သေပြခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နေဝင်းဟာ သေခါနီးအချိန် အကျယ်ချုပ်ဘဝနဲ့ ဇာတ်ပျက်ခဲ့တာကလွဲ အာဏာကို ရာသက်ပန် ဆုပ်ကိုင်နိုင်ခဲ့ရုံတင်မက ဒုတိယအာဏာရှင်တခေတ်ကိုပါ လက်ဆင့်ကမ်းပေးနိုင်ခဲ့သူလည်း ဖြစ်တယ်။

စောမောင်အလွန် သန်းရွှေဟာ ဒုတိယအာဏာရှင်အဖြစ် ထင်ရာစိုင်းခဲ့ပေမဲ့ ပြည်သူတို့ရဲ့ ဒီမိုကရေစီရေးအိပ်မက်ကို ဘယ်လိုမှ မချေဖျက်နိုင်ခဲ့လေတော့ စစ်တပိုင်းဒီမိုကရေစီနဲ့ သူ့ဆုတ်လမ်းသူ အသေအချာ ပြင်ဆင်ခဲ့တယ်။ ပြီးတော့ နိုင်ငံရေးထဲ စစ်တပ်ပါဝင်မှုဟာ မြန်မာ့နိုင်ငံရေးရဲ့ ထူးခြားချက်ဝိသေသလိုလို၊ စစ်တပိုင်းဒီမိုကရေစီဆိုတာ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီလိုလိုနဲ့ သူတို့ထည့်တဲ့ဂျင်း သူတို့ဘာသာ ယုံကြည်ပြီး ဘယ်ပြည်သူကမှ မယုံကြည်တော့ ပြည်သူကို နာကျည်းကြပြန်တယ်။

စစ်အုပ်စုပါတီ ကြံ့ဖွံ့နဲ့ စစ်တပ်က အချောင်နှိုက်ထားတဲ့ ၂၅ ရာခိုင်နှုန်းပေါင်းပြီး နောင်နှစ်ပေါင်း ၇၀ ဆိုလား၊ ၁၀၀ ဆိုလား ကြံ့ဖွံ့အာဏာရရှိရေးလို့ ကြွေးကြော်ခဲ့တဲ့ စစ်အုပ်စုဟာ ၅ နှစ်သက်တမ်းတခုအပြီး အာဏာပလ္လင်ထက်ကနေ ရုပ်ပျက်ဆင်းပျက် ဆင်းပြေးခဲ့ရရုံတင်မက ဒီတသက် စစ်အုပ်စု အာဏာပြန်ရတော့မှာမဟုတ်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူက ပြတ်ပြတ်သားသား သတိပေးလိုက်လေတော့ လူမဖြစ်သေးတဲ့ ဘဝကနေ ခွေးရူးတန်းဖြစ်ကာ ခွေးဇာတ်ခင်းတော့တယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့၊ မအောင်မြင်တဲ့ အာဏာသိမ်းမှု။ ၁၉၈၈ ခုနှစ် အာဏာသိမ်းခဲ့စဉ်က တလအတွင်း အာဏာသက်ရောက်နိုင်ခဲ့ပေမဲ့ ၂၀၂၁ အာဏာသိမ်းမှုကတော့ ကြာလာလေ အာဏာမဲ့လေဘဝနဲ့ တတိုင်းပြည်လုံးကို အငြိုးတကြီး ရက်စက်နည်းပေါင်းစုံသုံး ဖျက်ဆီးပြနေပေမဲ့ ပြည်သူတို့ရဲ့ ညီညွတ်မှုအားကို ယိုင်လဲတဲ့အဆင့်တောင် မရောက်ခဲ့ဘူး။

ပြည်သူတွေက သေနတ်အားကိုးနဲ့ မိုက်လုံးကြီးနေတဲ့ စစ်အုပ်စုကို ပြန်လည်ခုခံတော်လှန်ဖို့ရာ သေနတ်ကိုင်ကြတယ်။ ဒီတချီအပြတ် မြန်မာတည်သရွေ့ စစ်အာဏာရှင် မရှိစေရလို့ ကြွေးကြော်ကာ သေနတ်ကို သေနတ်နဲ့ ပြန်လည်တွန်းလှန်ကြခြင်းလည်း ဖြစ်တယ်။ သေနတ်ဆိုတာ လိုအပ်လို့ကိုင်တာ သေနတ်ဆိုတာ ကိုင်တတ်ဖို့လိုတာလည်း အမှန်ပါပဲ။

ဒါဆို သေနတ်ကို ဘယ်လိုကိုင်တတ်ရမှာလဲ။ နိုင်ငံရေးအသိနဲ့ ကိုင်တတ်ဖို့ လိုပါတယ်။ နိုင်ငံရေးအသိဆိုတာက ပြည်သူအတွက်ကိုင်တာ၊ သေနတ်ဆိုတာ ပြည်သူကိုကာကွယ်ဖို့ ကိုင်တာ၊ ဟောဒီသေနတ်ဟာ အာဏာရှင်တွေကို မျိုးသုဉ်းအောင်ရှင်းဖို့ ကိုင်တယ်ဆိုတာမျိုး ခိုင်ခိုင်မာမာရှိဖို့ လိုတာပါ။

ဖက်ဆစ်တော်လှန်ရေးတုန်းက စစ်တိုင်းအလိုက် စစ်ရေးတာဝန်ခံတွေနဲ့အတူ နိုင်ငံရေးမှူးတွေကို ထားတယ်ဆိုတာ တော်လှန်ရေးရဲဘော်တွေ သေနတ်ကို နိုင်ငံရေးအသိနဲ့ ကိုင်တတ်အောင် ထိန်းကျောင်းပေးခြင်း ဖြစ်ပါတယ်။

ဇူလိုင် ၁၇ ရက်နေ့တုန်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက သူတို့ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တချို့က နိုင်ငံရေးအရ ယုံကြည်မှုကွဲပြားတဲ့ အရပ်သားပြည်သူတွေကို သက်သေခိုင်လုံမှုမရှိဘဲ စစ်သတင်းပေးဒလန်လို့ စွပ်စွဲသတ်ဖြတ်နေတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တယ်။

အဲဒီကြေညာချက်ကို နောက်တမျိုး ဘာသာပြန်ရရင် တော်လှန်ရေးတပ်ဖွဲ့တွေ သေနတ်ကို နိုင်ငံရေးအသိနဲ့ ကိုင်တတ်အောင် ထုတ်ပြန်လိုက်ခြင်းလို့ နားလည်မိတယ်။ တော်လှန်ရေးတပ်ဖွဲ့ဆိုတာလည်း ကိုယ်နဲ့အမြင်မတူတာနဲ့ ဒလန်လို့စွပ်စွဲပြီး လက်နက်အားကိုး ဖြေရှင်းနေပါလားလို့ ပြည်သူတွေရဲ့အသိထဲ ဝင်သွားခဲ့မယ်ဆိုရင် အဲဒါဟာ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးအတွက် အကြီးကျယ်ဆုံး ဆုံးရှုံးမှုတွေရဖို့ ကြောက်မက်ဖွယ် အစပျိုးလိုက်ခြင်း ဖြစ်တယ်။

ဒါ့ကြောင့် သေနတ်ကို နိုင်ငံရေးအသိနဲ့ ကိုင်တတ်ဖို့ရာ NUG အစိုးရရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးကြီးပါတယ်။ NUG အစိုးရရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ထိန်းကျောင်းနိုင်ဖို့နဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်လိုမျိုးကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။

ဒီမိုကရေစီအင်အားစုတွေဟာ သေနတ်အားကိုးနဲ့ ဗိုလ်ကျစိုးမိုးချင်တဲ့ စစ်အာဏာရှင်တွေကို ရိုက်ချိုးဖို့ သေနတ်ကိုင်ကြခြင်းဖြစ်တယ်။ အာဏာရှင်ကို တော်လှန်ရင်း ကိုယ်ကိုယ်တိုင် အာဏာရှင်မဖြစ်သွားဖို့က အင်မတန် အရေးကြီးလှတယ်။ သေနတ်ကို လိုအပ်လို့ ကိုင်ကြတယ်။ သေနတ်ကို နိုင်ငံရေးအသိနဲ့ ကိုင်တတ်ဖို့ လိုပါတယ်။

သမိုင်းဆိုတာ မအအောင်သင်ရတာ။ သမိုင်းထဲကနေ သင်ခန်းစာတွေ ယူတတ်ရုံတင်မက အဲဒီသင်ခန်းစာတွေနဲ့ နောက်ထပ်အမှားမကျူးမိအောင် တည်ဆောက်နိုင်ဖို့လည်း လိုပါတယ်။

လင်းခေတ် (သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024