Home
မြန်မာသတင်း
စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း နှစ်ရက်ဆက် တပ်အင်အားတိုးချ
DVB
·
July 29, 2022

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို ဇူလိုင် ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ စစ်ကောင်စီက တပ်အင်အား အလုံးအရင်းနဲ့ တိုးချလာနေတာကြောင့် တိုက်ပွဲဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒီနေ့မနက် ၁၀ နာရီက စတင်ပြီး အငူမော်ဆိပ်ကမ်းမှတဆင့် စစ်ကောင်စီက စစ်သင်္ဘောဇက်ကမ်းထိုးရေယာဥ် ၂ စီးနဲ့ လက်နက်တွေအပါအဝင် အင်အားအလုံးအရင်း တိုးချနေတာလို့ အငူမော်ဒေသခံတဦးက ပြောပါတယ်။

“ဒီနေ့မနက် အငူမော်ဆိပ်ကမ်းမှာ စစ်ကောင်စီရဲ့ ဇက်စစ်သင်္ဘော ၂ စီးဆိုက်ကပ်ပြီး စစ်သားအင်အား ၃၀၀ လောက်ပါမယ်၊ လက်နက်ခဲယမ်းတွေလည်း ပါတာတွေ့ရတယ်။ စစ်ကားအစီး ၂၀ ကျော်ရှိမယ် အခုတင်နေတယ်။”

ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းကလည်း စစ်ကား ၁၀ စီးနဲ့ ဘူးသီးတောင်ကို အင်အားတိုးချခဲ့ကြပြီး မောင်တောမြို့ ၄ မိုင်ရှိ အမှတ်၂ နယ်ခြားစောင့်တပ်ရင်းကိုလည်း အင်းအား ၁၀၀ ကျော်လောက် တိုးချတာ တွေ့ရှိရတယ်လို့ ၄ မိုင်ရပ်ကွက် ဘူးသီးတောင် ဒေသခံတဦးက ပြောပါတယ်။

“စစ်ကားတွေနဲ့ လာတာရှိသလို အရပ်ဝတ်တွေနဲ့ အရပ်သားကားတွေငှားပြီး လာတာတွေလည်းရှိတယ်။ မနေ့က နခခ ၂ ကိုလာတဲ့ အင်အား ၁၀၀ ကျော်က အရပ်ဝတ်တွေနဲ့ အရပ်သားကားနဲ့လာကြတာ။”

ပြီးခဲ့တဲ့ မေ ၁၇ ရက် နေ့လယ်ကလည်း စစ်ကောင်စီက စစ်ကား ၁၇ စီးနဲ့ အငူမော်မှတဆင့် ဘူးသီးတောင်မြို့ကို လူအင်အား၊ လက်နက်၊ ရိက္ခာနဲ့ လောင်စာဆီတွေပါ အင်အားဖြည့်တင်းခဲ့ကြပြီး အခုတဖန် စစ်ကား ၁၀ စီးနဲ့ အင်အားဖြည့်တင်းလာတာလို့ ဆိုပါတယ်။

မျက်မြင်ဒေသခံအချို့ကတော့ စစ်ကောင်စီတပ်အင်အား တလ ၅ ကြိမ်လောက် အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းနေတာရှိသလို လူအပြောင်းအလဲ လုပ်တာတွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။

“တပ်အင်အားတွေက အလယ်သံကျော်က ကမ်းထိုးယာဥ်နဲ့ တဆင့် ရောက်လာတာတွေလည်း ရှိတယ်။ အငူမော်ကနေ အရပ်သားအဝတ်တွေနဲ့ ကားငှားပြီး လာကြတာတွေလည်း ရှိတယ်” လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

ဇူလိုင် ၁၅ ရက်နေ့က စစ်တွေမြို့မှာပြုလုပ်တဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ အစည်းအဝေးအတွင်း မောင်တောမြို့နယ်မြောက်ပိုင်းကို စစ်ဆင်ရေးတခုပြုလုပ်ဖို့ ညွှန်ကြားခဲ့ပြီးနောက် စစ်အင်အားတိုးချလာတဲ့အတွက် မောင်တောမြောက်ပိုင်းမှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ၃ နေရာ ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၈ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီး စစ်ကောင်စီကားတစီးကို အေအေက မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်က အယောက် ၂၀ ကျဆုံးပြီး တပ်ရင်းမှူး ၁ ဦး အပါအဝင် ၁၄ ဦး အဖမ်းခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024