Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်၌ စစ်တပ်က ရွာသားများကိုဖမ်းဆီး၊ ပြည်သူပိုင်ပစ္စည်းများကို အဓမ္မယူဆောင်
DVB
·
July 23, 2022

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာမှာ ဇူလိုင် ၂၃ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ အပြစ်မဲ့ပြည်သူအများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုလည်း အဓမ္မယူဆောင်သွား ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချင်းတွင်းမြစ်ကြောင်းမှတဆင့် ကျောက်မှော်ကျေးရွာအတွင်းကို ဒီနေ့ မနက်အစောပိုင်း ၄ နာရီခန့်လောက်က သေနတ်အချက်ရေ ၅၀ ထက်မနည်း ပစ်ခတ်ဝင်ရောက် လာခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတွေ အိပ်ယာကနေ ရုတ်တရက်ထပြေးခဲ့ကြရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

အဲဒီလို ထွက်ပြေးကြစဥ်မှာလည်း ပြည်သူတချို့ နောက်ကျကျန်နေတာတွေလည်းရှိခဲ့ပြီး ကျန်ရှိ နေခဲ့တဲ့ ပြည်သူတွေထဲက အပြစ်မဲ့ပြည်သူ ၃၀ ကျော်ဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရကာ အဲဒီထဲက ပြည်သူ ၅ ဦးလောက်ကတော့ စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်မှုကြောင့်  ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ပြည်သူတွေကို ဖလပ်ရေယာဥ်နဲ့ မုံရွာ(နမခ)ဘက်ကို ခေါ်ဆောင်သွားခဲ့ကြပြီး အဲဒီစစ်ကောင်စီတပ်ဖွဲ့က ကျေးရွာရှိနေအိမ်တွေအတွင်းကနေ ရွာသားပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုလည်း  မွှေနှောက်ယူဆောင်သွားတယ်လို့ ဒေသခံက ပြောပါတယ်။

အဲဒီလို စစ်ကောင်စီတပ်တွေဝင်ရောက်လာတာကြောင့် ကျောက်မှော်ကျေးရွာနဲ့ အနီးတဝိုက်ရှိ ကျေးရွာပေါင်း ၆ ရွာခန့်က ပြည်သူတွေလည်း နေအိမ်တွေမှာမနေရဲကြဘဲ ထွက်ပြေးခဲ့ကြရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရေယာဥ်အုပ်စုဟာ ဒီရက်ပိုင်းအတွင်း ချင်းတွင်းမြစ်အတွင်းကို သွားလာ လှုပ်ရှားနေတာတွေရှိနေပြီး မြစ်ကမ်းဘေးရှိ ကျေးရွာတွေဘက်ကို သေနတ်နဲ့ ရမ်းသန်းပစ်ခတ်တာ၊ ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်တာနဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့တာကြောင့် ချင်းတွင်းမြစ်ဘေးရှိ ဒေသခံပြည်သူတွေဟာလည်း နေအိမ်တွေမှာမနေရဲကြဘဲ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ် လို့ ဒေသခံတွေကပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024