ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဇူလိုင် ၁၈ ရက်နေ့က စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ ရှိလာတာကြောင့် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က ပြည်သူတွေကို သတိပေးထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းက မောင်တောမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲဖြစ်ပွားမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့သေဆုံးကာ ရဲမှူးတဦးအပါဝင် သုံ့ပန်း ၁၄ ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် စစ်ကောင်စီဟာ အရပ်သားပြည်သူလူထုတွေကို ညအချိန်မှာ ဝင်ရောက်ဖမ်းဆီးတာတွေ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အဖွဲ့ဝင်ကို လိုက်လံဖမ်းဆီးတာတွေ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တရားရုံး၊ တရားရေးဝန်ထမ်းတွေကို အနှောင့်အယှက်ပေးတာတွေ၊ ဖမ်းဆီးရန်ကြိုးစားတာတွေ၊ ပြည်သူလူထုတွေ အပေါ်စိုးရိမ်မှုများဆက်တိုက်ဖြစ်ပေါ်စေတာတွေ၊ လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်တာတွေ၊ ပြည်သူလူထုတွေကို ပြန်ပေးဆွဲထားလိုမျိုး ပြုလုပ်ထားတာတွေစတဲ့ အချက်တွေအပြင် တိုက်ပွဲဖြစ်ပွားလိုတဲ့ ရန်စမှုတွေ ရန်လိုတဲ့ အပြုအမူတွေကို ဆက်တိုက် ပြုလုပ်လာတာကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်လာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဇူလိုင် ၁၈ ရင်နေ့က မောင်တောမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားရာက စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ် တချို့နဲ့ ခဲယမ်းအများအပြားကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
မြဝတီအုပ်အုပ်ချုပ်ရေးမှူးက "အခုလော လောဆယ်မှာ မောင်တောမြို့နယ်မြောက်ပိုင်း ဒေသက တည်ငြိမ်နေပါတယ်။ ရှေ့မှာဘာတွေဖြစ်လာမလဲ့ဆိုတာမသိဘူး။ မနေ့က (ဇူလိုင် ၁၈) တိုက်ခိုက်မူဖြစ်ပွားပြီး အခုအချိန်အထိငြိမ်နေပါတယ်။ ဒါပေမယ့် နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြတယ်" လို့ ပြောပါတယ်။
မောင်တောမြောက်ပိုင်းဒေသခံကားသမားတဦးက "မောင်တောမြောက်ပိုင်းက လမ်းတွေကို မနေ့ကပိတ်ထားခဲ့ပေမယ့် ဒီနေ့ (ဇူလိုင် ၁၉) မှာ အာဏာပိုင်တွေပိတ်ထားတာ မရှိပါဘူး။ သွားလာခွင့်ပြုထားပါတယ်။ ဒါပေမယ့် မြောက်ပိုင်းဒေသခံတွေကတော သွားလာမူမရှိကြပါဘူး။ လှိုင်းကားတွေ မထွက်ကြဘူး။ မြောက်ပိုင်ကကျေးရွားသူ/သားတွေ အိမ်ပြင်မထွက်ဝံကြတောဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်မှ မောင်တောဖြစ်စဥ်ကြောင့် ဂျက်တိုက်လေယဥ်တွေ စစ်တွေကို ခေါ်ဆောင်ထားပြီး ရသေ့တောင်ဘက်က စစ်ကောင်စီတပ်တွေကိုလည်း မောင်တောမြို့နယ်မြောက်ပိုင်းကို အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက သိရပါတယ်။