အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့ ဈေးတန်း (၉) ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ အမျိုးသမီးတဦးကို စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၁၉ ရက် မနက်ပိုင်းက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့က မနက် ၉ နာရီခွဲခန့်က တမူးမြို့၊ ဈေးတန်း (၉) ရပ်ကွက်မှာ PDF အဖွဲ့ဝင် မိုးမိုးအောင်ကို ဆန္ဒပြစာတန်းပါ အင်္ကျီတို့နဲ့အတူ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
“မမိုးမိုးအောင် ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက တမူးမြို့က တစ်ရက်ထက် တစ်ရက် ဆိုးလာတယ်၊ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်သားတွေကြား မြို့တွင်း တိုက်ပွဲတွေလည်း စိပ်လာတယ်၊ ပျူစောထီးတွေလည်း အားကောင်းတယ်၊ ဖမ်းဆီးခံရတာကလည်း ဒလန်က သတင်းပေးလို့ အဖမ်းဆီးခံခဲ့ရတာ၊ တမူးမြို့မရဲစခန်းကို ဖမ်းသွားတယ်လို့ သိရတယ်။”
ဇူလိုင် ၁၃ ရက်နဲ့ ၁၄ ရက်နေ့ကလည်း တမူးမြို့က ဒေသခံအမျိုးသား ၂ ဦးကို စစ်ကောင်စီရဲ့ လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့ကြပါသေးတယ်။
လတ်တလော တမူးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေပြီး တမူးမြို့ပေါ်မှာလည်း စစ်ကောင်စီရဲ့ လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့တွေက ဒေသခံတွေကို ခြိမ်းခြောက်ဖမ်းဆီး သတ်ဖြတ်တာတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ထိတ်လန့်ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်နေတယ်လို့ တမူးမြို့က ဒေသခံတွေက ပြောပါတယ်။