မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အားထုတ်ကြိုးပမ်းမှုတွေ သိသိသာသာဆုတ်ယုတ်လာခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ လူကုန်ကူးမှုစာရင်းမှပယ်ဖျက်ဖို့လိုအပ်တဲ့ အနည်းဆုံးစံနှုန်းနဲ့ အပြည့်အဝကိုက်ညီဖို့ လစ်ဟင်းတဲ့အပြင် လူကုန်ကူးမှုတိုက်ဖျက်ရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးရဲ့ သက်ရောက်တွေ ရှိနေတဲ့တိုင် သိသာထင်ရှားတဲ့ အားထုတ်ကြိုးပမ်းမှုတွေ ပြုလုပ်ခြင်းမရှိတဲ့အတွက် Tier-3 အဆင့်သတ်မှတ်ချက် (၃) မှာ ဆက်လက်တည်ရှိနေတယ်လို့ ဇူလိုင် ၁၉ ရက်ထုတ် အမေရိကန်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ လူကုန်ကူးမှု အဆိုးရွားဆုံးနိုင်ငံ အဆင့်သတ်မှတ်ချက် (၃) Tier-3 အဖြစ် သတ်မှတ်ခံရတာ အခုနှစ် ၂၀၂၂ ခုနှစ်နဲ့ ဆိုရင် ၅ နှစ် ဆက်တိုက် ရှိသွားပြီလည်း ဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ အတင်းအကျပ်အလုပ်ခိုင်းစေဖို့ ကလေးသူငယ်တွေနဲ့ အရွယ်ရောက်ပြီးသူတွေကို အသုံးပြုတဲ့ မူဝါဒ (သို့မဟုတ်) အလေ့အထကို ဆက်လက်ကျင့်သုံးခဲ့ကြောင်း စစ်အာဏာရှင်အဖွဲ့ဟာ အဓမ္မအလုပ်စေခိုင်းဖို့ လူကုန်ကူးခံရသူ အရွယ်ရောက်ပြီးသူတွေနဲ့ ကလေးသူငယ်တွေအတွက် တာဝန်ရှိတဲ့ စစ်တပ်နဲ့ တာဝန်မှ ဖယ်ရှားခြင်းခံရတဲ့ အရပ်သားအစိုးရ အရာရှိတွေကို အရေးယူမှုအကြောင်း အစီရင်ခံမှုမရှိတဲ့အပြင် လူကုန်ကူးခြင်းခံရသူတွေအတွက် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်ခြင်းကိုလည်း တားမြစ်ခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်တပ်နဲ့ ဒီမိုကရေစီကိုလိုလားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေအကြား ပဋိပက္ခကို ပိုမိုကြီးထွားစေခဲ့ပြီး တိုင်းရင်းသားလူနည်းစုအသိုက်အဝန်းတွေ အများစုပါဝင်တဲ့ ရာထောင်ရာချီတဲ့ လူထုကိုလည်း နေရပ်စွန့်ခွာစေခဲ့တယ်လို့ဆိုပါတယ်။
အတိုက်အခံနိုင်ငံရေးသမားတွေဟာလည်း နေရပ်စွန့်ခွာခဲ့ကြရပြီး ဒီဖြစ်ရပ်က သူတို့ကို လူကုန်ကူးခြင်းခံရမှုအန္တရာယ်နဲ့ များစွာ နီးစပ်စေခဲ့တယ်၊ တရားရေးကဏ္ဍမှာလည်း ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေကို နှိပ်ကွပ်ဖို့ဘက်ကို ဦးစားပေးအလေးထားနေတာကြောင့် အာဏာသိမ်းမှုနောက်ပိုင်းမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အားထုတ်ကြိုးပမ်းမှု သိသိသာသာဆုတ်ယုတ်လာခဲ့တယ်လို့ အစီအရင်ခံစာကဆိုပါတယ်။
အတိုက်အခံ နိုင်ငံရေးသမားတွေ၊ ရိုဟင်ဂျာနဲ့ တခြား လူနည်းစု ဘာသာရေးနဲ့ တိုင်းရင်းသား အသိုက်အဝန်းတွေကို ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေကိုလည်း အတည်ပြုကျင့်သုံးခဲ့တဲ့ ဖြစ်စဉ်တွေက သူတို့အတွက် လူကုန်ကူးခြင်းခံရလွယ်စေတဲ့ အနေအထားကို ပိုမိုတိုးမြင့်စေခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် လူကုန်ကူးသူတွေရဲ့ အတင်းအကျပ်စေခိုင်းမှုကြောင့် ကျူးလွန်မိခဲ့တဲ့ အပြုအမူတွေအတွက် လူကုန်ကူးခြင်းခံရသူတွေကို စစ်အာဏာရှင်အဖွဲ့အစည်းက ပြစ်ဒဏ်ချမှတ်တာ တွေလည်းရှိခဲ့တယ်လို့ အမေရိကန်ရဲ့ အစီအရင်ခံစာမှာဖော်ပြထားပါတယ်။