တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပိန္နဲတောင်ရွာမှာ စစ်ကောင်စီက လက်နက်ကြီးများ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဇူလိုင် ၁၉ ရက်နေ့ မနက် ၂ နာရီလောက်က လူငယ်တဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ သေဆုံးခဲ့တဲ့လူငယ်မှာ အသက် ၂၀ ဝန်းကျင်အရွယ် မောင်ဇင်ဝိုင်း ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေမှုမရှိဘဲ ပုလောအခြေစိုက် ခလရ ၂၈၅ စစ်ကောင်စီတပ်ကနေ ပုလော အရှ့ဖျားဒေသများကို လက်နက်ကြီးတွေ အကြောင်းမဲ့ ဆက်တိုက်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သေသခံတွေက ဆိုပါတယ်။
“တိုက်ပွဲမဖြစ်ဘဲနဲ့ ညကတည်းက ပစ်နေတာ။ မနက် ၂ နာရီလောက်မှာ ရွာထဲကို ၃ လုံးကျတယ်။ ၂ လုံးကွဲပြီး ၁ လုံးက ကန်းတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဇူလိုင် ၁၂ ရက်နေ့ကလည်း ပုလောအရှေ့ဖျားဒေသ၊ မှော်မိကျေးရွာမှာ နေအိမ်ပေါ်လက်နက်ကြီးကျ ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၃ နှစ်အရွယ် ဦးစိန်ဝင်း ဆိုသူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။