Home
ဆောင်းပါး
အညာဟာ တမာရိပ်နဲ့ပဲ အေးမြသင့်တယ်
DVB
·
July 20, 2022

‘အညာ’ဆိုတဲ့ စကားလုံးကို ကြားလိုက်ရုံနဲ့ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသဆိုတာကို နိုင်ငံအနှံ့က ပြည်သူတွေအားလုံး သိကြပါတယ်။

မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေက ပြည်သူတွေဟာ သူတို့ကိုယ်သူတို့ အညာသူ အညာသားလို့ ခေါ်ဝေါ်သုံးစွဲလေ့ရှိကြပါတယ်။

တကယ်တော့ ‘အညာ’ဆိုတဲ့ ဝေါဟာရဟာ အညှာ၊ အခြေ ဆိုတဲ့ အသုံးအနှုန်းကနေ ဆင်းသက်လာတယ်လို့ သိရပါတယ်။ သစ်သီးပန်းပွင့်တို့ဟာ အညှာမခိုင်ရင် ကြွေကျတတ်သလို မြစ်၊ ချောင်းတွေမှာလည်း မြစ်ညှာကို ထိခိုက်လျှင် ဒုက္ခရောက်တတ်ပါတယ်။ အဲဒီ အညှာ၊ သို့မဟုတ် အညာကိုထိခိုက်ရင် တိုင်းပြည်ဆုတ်ယုတ်တတ်တယ်ဆိုပြီး အလေးအမြတ်ပြုအပ်တဲ့ ဒေသဖြစ်လို့ အညာလို့ ခေါ်ဆိုလာကြတာလို့ လေ့လာသိရှိရပါတယ်။

‘အညာ’လို့ ဆိုလိုက်တာနဲ့ တမာပင်တန်းကြီးတွေကို ပြေးမြင်ပြီး တမာပန်းရနံ့တွေ သင်းပျံ့ကြိုင်လှိုင်နေတဲ့ အရပ်ဒေသဆိုတာ ရောက်ဖူးသူ ခရီးသွားပြည်သူအားလုံး သိကြပါလိမ့်မယ်။

အညာသူ အညာသားတွေဟာ စကားပြောရင် ရိုးသားတယ်။ ပွင့်လင်းကြတယ်။ တုတ်ထိုးအိုးပေါက် ပြောတတ်ကြတယ်။ မဟုတ်မခံစိတ်ရှိကြတယ်ဆိုတာ ရင်းနှီးကျွမ်းဝင်ဖူးသူတိုင်း သိကြပါတယ်။

အညာဒေသက ဒေသခံပြည်သူတွေဟာ တောင်သူ၊ ယာလုပ်၊ ဓားမခုတ် စိုက်ပျိုးရေးလုပ်ငန်းနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုလုပ်ကြပြီး ကောက်ပဲသီးနှံမျိုးစုံ ထွက်ရှိပါတယ်။

ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်၊ ကြက်သွန်၊ ထန်းလျက် အစရှိ ဒေသထုတ်ကုန် အများအပြား ထွက်ရှိသလို အထင်ကရပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ သူရဲကောင်းတွေ အများအပြား ထွန်းကားရာဒေသတစ်ခုဖြစ်တာကို နိုင်ငံတဝန်းက ပြည်သူတွေ အားလုံး သိရှိကြတယ်ဆိုရင် မှားမယ်မထင်ပါဘူး။

မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ မကွေးတိုင်း၊ မင်းနေပြည်တော် နန်းမြို့ရိုးကြီးနဲ့ တန်ဆာဆင်ထားတဲ့ မန္တလေးတိုင်းနဲ့ ဘုရားရိပ် တရားရိပ်ကို ခိုလှုံတဲ့သူတွေ စုဝေးရာ စစ်ကိုင်းတောင်ဟာလည်း ထင်ရှားတဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။

မြန်မာ့ယဥ်ကျေးမှု၊ ရိုးရာ၊ ဓလေ့၊ ထုံးတမ်း၊ အစဥ်လာတွေနဲ့ ပြည့်နှက်နေတဲ့ အညာဒေသဟာ အေးမြတဲ့ တမာရိပ်အောက်မှာ ဖြတ်သန်းရင်းနဲ့ နှစ်ပေါင်းများစွာ အေးချမ်းတည်ငြိမ်ခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။

တန်ခိုးကြီးဘုရားတွေ စေတီပုထိုးတွေ ပေါများတဲ့ဒေသဆိုတော့ နိုင်ငံအနှံ့အပြားက ဘုရားဖူး ခရီးသွားတွေနဲ့ စည်ကားသိုက်မြိုက်ပြီး ဒေသထွက်ကုန်တွေကို ရောင်းဝယ်၊ ဖောက်ကားသူတွေလည်း စားဝတ်နေရေးအတွက် အဆင်ပြေ ချောမွေ့ခဲ့ကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေမှာ ဗုံးသံ၊ အမြောက်သံ တညံညံနဲ့ တိုက်ပွဲတွေ အလီလီ ဆင်နွှဲနေတဲ့အချိန်မှာလည်း အညာဒေသဟာ တမာရိပ်တွေအောက်မှာပဲ အေးမြခဲ့တာပါ။

‘ဖက်ဒရယ်’ ဆိုတဲ့ စကားလုံး ကြားလိုက်တာနဲ့ ခွဲထွက်ခွင့်တောင်းတယ်လို့ ပုံသေကားချပ် တွက်ချက်ပြီး လက်ဖက်ရည်ဝိုင်း၊ ရေနွေးကြမ်းဝိုင်းတွေမှာ ​တိုင်းရင်းသားတွေနဲ့ ငြင်းခုံခဲ့ရတာလည်း အမောပေါ့။

စစ်အာဏာရှင်တွေက တိုင်ရင်းသားဒေသတွေမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ ငွေကြေးနဲ့ လက်ဝတ်ရတနာတွေကို အဓမ္မယူဆောင်တယ်။ အမျိုးသမီးငယ်တွေကို အဓမ္မပြုကျင့်တယ်။ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ကြတယ် ဆိုတာကိုလည်း သိပ်မယုံကြည်ခဲ့ကြဘူး။ စစ်တပ်က ပြည်သူလူထုအပေါ်မှာ အဲဒီလောက်ထိ ယုတ်မာမှာ မဟုတ်ဘူးလို့ပဲ ထင်ထားခဲ့ကြတာပါ။

ဒါပေမဲ့ တမာရိပ်အောက်မှာ အေးမြခဲ့ကြတဲ့ အညာသူ၊ အညာသားတွေ အပါအဝင် နိုင်ငံတဝန်းလုံးမှာရှိတဲ့ ပြည်သူတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ စစ်တပ်က အာဏာသိမ်းလိုက်လိုက်လို့ တိုင်းပြည်တစ်ခုလုံး အမှောင်အတိဖုံးလွှမ်းခဲ့ရပါတယ်။

လျှပ်စစ်မီး၊ ဆက်သွယ်ရေးဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေနဲ့ TV ချန်နယ်အားလုံးကို ဖြတ်တောက်လိုက်တော့တာပါပဲ။ နိုင်ငံတစ်ခုလုံး မျက်ရည်ပေါက်ပေါက် ကျခဲ့ရတဲ့နေ့တစ်နေ့ပေါ့။ ဒါပေမဲ့ စစ်တပ်ပိုင် မြဝတီ TV ချန်နယ်မှာတော့ မဲစာရင်းကိစ္စ ၊ ၂၀၀၈ ခြေဥတို့ကို အကြောင်းပြပြီး ဒုသမ္မတ ဦးမြင့်ဆွေကနေတဆင့် နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လွှဲပြောင်းလိုက်တယ်ဆိုတဲ့ သတင်းတွေသာ အကြိမ်ကြိမ် ထုတ်လွှင့်နေပါတော့တယ်။

အလွှာအသီးသီးက ပြည်သူတွေဟာလည်း တယောက်နဲ့တစ်ယောက် အဆက်သွယ်ရရှိဖို့ လူချင်း သွားရောက်တွေ့ဆုံမှာသာ ဆက်သွယ်လို့ရရှိပါတော့တယ်။ အဲဒီနေ့ကစလို အညာက တမာရိပ်တွေလည်း ဂြိုဟ်ဆိုးဝင်ခဲ့တော့တာပါပဲ။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ညသန်းခေါင်ယံအချိန်နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အရုဏ်တက်စအချိန်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ NLD ပါတီရဲ့ အစိုးရအဖွဲ့ အိမ်ရာတွေနဲ့ အဆောက်အဦတွေကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ အပါအဝင် တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မတရား ဖမ်းဆီးလိုက်ပါတော့တယ်။

စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုတွေကို လုံးဝလက်သင့်မခံနိုင်တဲ့ အညာသူ အညာသားတွေ အပါအဝင် နိုင်ငံအနှံ့က ပြည်သူလူထုတရပ်လုံးဟာလည်း ရရာနည်းလမ်းတွေနဲ့ အဆက်သွယ်တွေ ရယူကြပြီး လှုပ်လှုပ်ရွရွတွေ ဖြစ်လာပါတယ်။

၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီလ ၃ ရက်နေ့မှာတော့ စစ်အာဏာရှင် အုပ်ချုပ်တာကို လက်မခံနိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ဖဲကြိုးနီလှုပ်ရှားမှုနဲ့အတူ အာဏာဖီဆန် CDM လှုပ်ရှားမှုကို စတင်လိုက်ပါတော့တယ်။ အဲဒီကနေတဆင့် နိုင်ငံအနှံ့အပြားက လမ်းမပေါ်တွေ၊ ကျေးရွာတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေ ပေါ်ပေါက်လာပါတော့တယ်။

မကွေးမြို့ ဆန္ဒပြသပိတ်တွေမှာ ပါဝင်ခဲ့တဲ့ ကိုမင်း(အမည်လွှဲ)ကတော့ “ကျနော်တို့ မကွေးမြို့မှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဝန်ကြီးဟောင်း ဦးနေမျိုးကျော် ဦးဆောင်ပြီး စစ်အာဏာရှင် ပြုတ်ကျရေး သပိတ်စစ်ကြောင်းဟာ သစ္စာလမ်းအတိုင်း စထွက်လာလို့ ကျနော်တို့လည်း အညာသားတွေရဲ့ သွေးဘယ်လောက်ထိရဲတယ်ဆိုတာ ပြသချင်တဲ့ စိတ်နဲ့ ဆန္ဒပြသပိတ်မှာ ပူးပေါင်းပါဝင်ပြီး လက်သီးလက်မောင်း တန်းခဲ့ကြတယ်” လို့ ပြောပါတယ်။

မနက်မိုးလင်းတာနဲ့ ဒို့ပြည်သူတွေ ညီရဲ့လားဟေ့၊ အမေစုနဲ့တကွ ဖမ်းဆီးခံခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ဖမ်းဆီးခံပြည်သူများ ချက်ချင်းလွှတ်၊ စစ်အာဏာရှင် ကျဆုံးပါစေ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ ဗိုလ်ချုပ် ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊ မင်းတို့ပြောတော့ မဲခိုးတယ်ဆို၊ ပြည်သူတွေကို ကြည့်လိုက်ပါဦး စတဲ့ကြွေးကြော်သံတွေဟာ မကွေးမြို့ကြီးတစ်ခုလုံး မြည်သံဟိန်းပြီး လူဦးရေ သိန်းနဲ့ချီ နေ့စဥ်ရက်ဆက် ဆန္ဒပြခဲ့ကြတယ်လို့ ပြောပါတယ်။

ဆန္ဒပြသပိတ်တွေ အားကောင်းလာတော့ အာဏာသိမ်း စစ်အုပ်စုတွေက မကွေးမြို့ပေါ်က လမ်းမတွေကို ပိတ်ဆို့တာတွေ စလုပ်လာတယ်။ လမ်းဆုံလမ်းခွတွေမှာ စစ်တပ်၊ ရဲတွေ အင်အားတိုးချဲ့ချထားတယ်။ ကျနော်တို့ သပိတ်စစ်ကြောင်းတွေကတော့ သူတို့နဲ့ ထိပ်တိုက်မတိုးဘဲ ရှောင်ကွင်းလမ်းတွေကဘဲ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာလည်း စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာ ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ် စတင်ပေါ်ပေါက်ခဲ့တယ်။ အစပိုင်းမှာတော့ စစ်တပ်ဘက်က အတုအယောင် ဆန္ဒပြသပိတ် ပြုလုပ်တာလို့ အထင်အမြင် လွဲမှားခဲ့ကြပြီး နောက်ပိုင်းမှာတော့ ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေမှာ မန္တလေးလူထုတရပ်လုံး သိန်းနဲ့ချီတဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်လာကြတယ်လို့ မန္တလေးမြို့က ဆန္ဒပြသပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုကျောက်ခဲ(အမည်)လွှဲက ပြောပြပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာတော့ ကိုဝေမိုးနိုင် ဦးဆောင်တဲ့ မုံရွာပင်မသပိတ်စစ်ကြောင်း ပေါ်ပေါက်လာပြီး လူထုတရပ်လုံး လမ်းမပေါ်ထွက်ကာ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။

ဒီလိုနဲ့ပဲ အညာဒေသဟာ စစ်အာဏာရှင်အုပ်ချုပ်တာကို လုံးဝ လက်သင့်မခံဘူးဆိုတာ တိုင်းသိ ပြည်သိ ကမ္ဘာသိအောင် နေ့စဥ်ရက်ဆက် ဆန္ဒပြခဲ့ကြတာပေါ့။

အာဏာသိမ်း စစ်အုပ်စုတွေဟာ အစပိုင်းလောက်မှာဘဲ ဆန္ဒပြသပိတ်တွေကို ညင်ညင်သာသာ ကိုင်တွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရာဘာကျည်တွေ၊ မိုးခိုးဗုံးတွေ၊ ရေပိုက်တွေနဲ့ စတင်အကြမ်းဖက်ဖြိုခွင်းကာ အစွယ်တွေ ငေါထွက်လာပြီး  မူလ ဘီးလူးရုပ်ပေါ်လာတော့တာပါပဲ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာတော့ နေပြည်တော်၊ သပြေကုန်း၊ ဗိုလ်ချုပ်ကြေးရုပ်နားက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူတွေကို ကျည်ဆန်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ အသက် ၂၀ နှစ်အရွယ် ​မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို ကျည်ဆန်ထိမှန်ဒဏ်ရာရရှိကာ ၂၀၂၁ ဖေဖော်ဝါရီ  ၁၉ ရက်နေ့မှာ နွေဦးတော်လှန်ရေးအတွက် ပထမဦးဆုံး အသက်ပေးခဲ့ရပါတော့တယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ဆန္ဒပြပြည်သူတွေကို နေ့စဥ်ရက်ဆက် ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်လာလို့ တောင်လှန်ရေးအင်အားစုတွေဟာ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ပြီး ရရာလက်နက်ကို စွဲကိုင်ကာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ထူထောင်လာကြတော့တာပါပဲ။

အညာဒေသမှာ PDF တွေ အားကောင်းလာသလို စစ်ကောင်စီဟာ တစ်နေ့ထက်တစ်နေ့ အညာဒေသကို ထိန်းချုပ်ဖို့ ပိုမိုခက်ခဲလာပါတော့တယ်။ PDF တွေကို မတိုက်ခိုက်နိုင်လို့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက် ကျူးလွန်ပြီး အမျိုးသမီးတွေကိုပါ အဓမ္မပြုကျင့်တဲ့အထိ ယုတ်မာလာပါတယ်။

လက်ယက်မ(စံပြ)ကျေးရွာ ဒေသခံ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ မခွာညို(အမည်လွှဲ)က “ကျမတို့မှာ စစ်ဘေးလည်း ရှောင်ခဲ့ရတယ်။ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အိမ်ထောင်စုဝင် တစ်ယောက်လည်း ဖြစ်တယ်။ ပြန်လာလို့မှ ကိုယ့်အိမ်ကို ပြန်စရာမရှိတော့ပါဘူး။ စစ်ခွေးတွေ မီးရှို့ခဲ့လို့ ခင်းအိပ်စရာ ဖျာတစ်ချပ်မရှိဘူး။ ဇွန်းတစ်ချောင်း ပန်းကန်တစ်ချပ်ပါ မကျန်အောင် ရက်ရက်စက်စက် မီးရှို့ ဖျက်ဆီးခဲ့ကြတာ”လို့ ပြောပြပါတယ်။

အိမ်ခြေ ၁၇၀၀ လောက်ရှိတဲ့ လက်ယက်မရွာကို ​မေလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့လို အိမ်ခြေ ၆၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့တယ်။ မီးဘေးသင့်ပြည်သူတွေဟာ အခုအချိန်ထိ ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ နီးစပ်တဲ့ ဆွေမျိုးတွေဆီမှာ ခိုကပ်ပြီး နေနေရတယ်။ စားဝတ်နေရေးကလည်း ပြည်သူအချင်းချင်း ထောက်ပံ့တဲ့ဟာပဲ ရှိတယ်။ ကျန်တဲ့ စီးပွားရေးကလည်း ဘာမှလုပ်လို့ မရဘူး၊ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ ဖျက်ဆီးပြီး၊ စစ်ကြောင်းတွေ ထိုးနေတာကြောင့် မြိုင်မြို့နယ်က ပြည်သူ ၂၀,၀၀၀  လောက်၊ ပေါက်မြို့နယ်က ပြည်သူ ၁၅,၀၀၀ လောက်၊ ပခုက္ကူမြိုနယ်က ပြည်သူ ၉,၀၀၀ လောက်၊ ရေစကြိုမြို့နယ်က ပြည်သူ ၇,၀၀၀ ကျော်လောက်နဲ့ ဆိပ်ဖြူမြို့နယ်က ပြည်သူ ၆၀၀၀ ကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး မိုးကာ၊ အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

အလားတူဘဲ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေနဲ့ ဂန့်ဂေါခရိုင်က မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်တွေက နေအိမ်တွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးပြီး လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို ယူဆောင်သွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေ မီးရှို့ခံရတဲ့ ကိစ္စကို PDF တွေလက်ချက်လို့ သတင်းစာရှင်းလင်းပွဲတိုင်းမှာ စွပ်စွဲ ပြောဆိုလေ့ ရှိပါတယ်။ 

ပြောမှာပေါ့လေ၊ သူ့အလုပ်က ဟုတ်ဟုတ် မဟုတ်ဟုတ် စစ်တပ်ကောင်းကြောင်းပဲ ပြောဖို့ သီးသန့်တာဝန်ပေးထားတာ မဟုတ်လား။ စစ်တပ်က ကျူးလွန်တာတွေ ဝန်ခံတဲ့နေ့ကတော့ ခေါင်းနဲ့ ကိုယ်နဲ့ အိုးစားကွဲတဲ့နေ့ဆိုတော့ တစ်သက်လုံးလည်း ဝန်ခံမှာမှမဟုတ်တာ။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေပန်းကျေးရွာမှာတော့ အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇွန်လ ၂၉ ရက်နေ့မှာ ရွှေပန်းကျေးရွာကို ဝင်ရောက်ပြီး အမျိုးသမီး ၄ ယောက်ကို ဖမ်းဆီးကာ အဓမ္မပြုကျင့်သွားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

“ကျမတို့ ရွာဘက်ကို ဇူလိုင်လ ၂၉ ရက်နေ့မှာ စစ်ခွေးတွေဝင်လာတော့ အခါတိုင်း စစ်ကြောင်းတွေလို မှတ်ပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ ၇၅ ယောက်လောက်က ရွာဘုန်းကြီးကျောင်းမှာ ကျန်ခဲ့ကြတာပါ။ဒေသခံပြည်သူ ၇၅ ယောက်လုံး ဘုန်းကြီးကျောင်းမှာပိတ်မိသွားပြီး အသက် ၃၀ အရွယ်လောက်ရှိတဲ့ အမျိုးသမီး ၄ ယောက်ကို အဓမ္မပြုကျင့်ကြတယ်”လို့  ရွှေပန်းရွာဒေသခံ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ မဇင်မာ(အမည်လွှဲ)က ပြောပြပါတယ်။

“စစ်ခွေးတွေက သူတို့နေတဲ့ အခန်းထဲကို ခေါ်သွားပြီး ၃ ရက်လုံး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြတာ။ သူတို့ အဓမ္မကျင့်ချင်တဲ့အချိန်ဆိုရင် လာခေါ်သွားပြီး ည ၁၁ နာရီလောက်မှ ပြန်ပို့ကြတယ်။”

အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကိုလည်း မေးတာမှန်မှန် မဖြေရင် ညစာဖြစ်သွားမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

အညာဒေသအတွင်းမှာတော့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ နေ့စဥ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေ များပြားသလို တော်လှန်ရေး ရဲဘော်တွေလည်း ကျဆုံးခဲ့ကြတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ လက်နက်ကိုင်အဖွဲ့တွေ များလာပြီး အဖွဲ့စည်းတချို့က ဆက်ကြေးကောက်တာမျိုးတွေ၊ ပြည်သူလူထုကို နှိပ်စက်တာမျိုးတွေ၊ ဒလန်လို့ အမည်တပ်ပြီး ဒလန်မဟုတ်ဘဲနဲ့ ဖမ်းဆီးသုတ်သင်တာမျိုးတွေ ကြားနေရတာပေါ့။ ဒါက တော်လှန်ရေးကို ရုပ်ဆိုးစေပြီး မလိုလားအပ်တဲ့ ပြဿနာတွေအများကြီး ဖြစ်ပေါ်နိုင်တယ်လို့ ပြည်သူ့တော်လှန်ရေးမဟာမိတ်အင်အားစု PRA(မကွေး)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ဟာဂျူလီက ပြောပါတယ်။

“ကျနော်တို့က အာဏာရှင်ကို မကြိုက်လို့ တော်လှန်ကြတာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ သွားကြတဲ့နေရာမှာ ဒီလိုမျိုး မလျော်မကန်လုပ်တဲ့ အဖွဲ့အစည်းတွေကြောင့် ကျန်တဲ့ မှန်မှန်ကန်ကန်လုပ်ဆောင်နေတဲ့ အဖွဲ့စည်းတွေကိုပါ လူထုက အထင်မြင်လွဲမှားတာတွေ ဖြစ်ပေါ်လာနိုင်တယ်”လို့ ဆိုပါတယ်။

အညာဒေသရဲ့ တချို့နေရာတွေမှာတော့ မဟာမိတ်တပ်ပေါင်းစုတွေ စုဖွဲ့ထားပြီးဖြစ်သလို တချို့ မြို့နယ်တွေမှာတော့ တော်လှန်ရေးအင်အားစုတွေ စုဖွဲ့နိုင်ဖို့ ကြိုးပမ်းနေကြတယ်။ ဒါမှသာ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မြန်မြန်ဆန်ဆန်ရောက်ရှိနိုင်မှာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေက ပြောထားပါတယ်။

လက်ရှိအခြေအနေမှာတော့ အညာဟာ ပြာပုံတွေကြားထဲမှာ။ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆူဆူညံညံကြားထဲမှာ။ ရက်စက်ယုတ်မာမှုပေါင်းစုံရဲ့ လောင်းရိပ်အောက်ကို ရောက်ရှိနေတယ် ဆိုတာ အသေအချာပါပဲ။

ဒါပေမဲ့လည်း အညာသားတို့ရဲ့ သတ္တိ၊ အညာသားတို့ရဲ့ ရဲရဲတောက်သွေးတွေက နွေဦးတော်လှန်ရေးထဲမှာ တသွင်သွင်စီးဆင်းရင်းနဲ့ အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် ရုန်းကန်ချီတက်နေကြဆဲပါပဲ။

တမာရိပ်တွေကြားမှာ အေးမြခဲ့ကြတဲ့ အညာသူ အညာသားတွေဟာ နေစရာအိုးအိမ်မရှိ စားစရာရိက္ခာမရှိ၊ ခြုံစရာစောင်မရှိ၊ ကျန်းမာရေးအတွက် စောင့်ရှောက်မှုနည်းပါး၊ ဆေးဝါးမလုံလောက် အမိုးအကာ ကင်းမဲ့တဲ့ တောထဲတွေမှာ ဖြစ်သလို နေထိုင်နေရပေမယ့်လည်း တော်လှန်ရေးအတွက် တစက်ကလေးမှ အားမလျော့ဘဲ ငွေကြေးတွေအပြင် လက်ဝတ်လက်စားတွေကိုပါ လက်နက်ဝယ်ဖို့ ချွတ်ပြီး လှူဒါန်းကြတဲ့အထိ စိတ်အားထက်သန်စွာနဲ့ တက်တက်ကြွကြွ ရုန်းကန်နေကြပါတယ်။

တကယ်တော့ အညာဟာ ဘာသာသနာထွန်းကားရာ နေရာ၊ သူရဲကောင်းတို့ မွေးဖွားရာအရပ်၊ ဘူမိနက်သန် နယ်မြေတစ်ခုပါ။ ပြာပုံအောက်ကို ကျရောက်နေကြတဲ့ အညာသူ အညာသားတွေ အားလုံး အရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်ပြီး တမာရိပ်ရဲ့ အေးမြမှုတွေအောက်ကို အမြန်ဆုံး ရောက်ရှိနိုင်ဖို့ ဆန္ဒပြုလိုက်ရပါတယ်။

မင်းထီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024