ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဇူလိုင် ၂၀ ရက်နေ့ မနက် ၄ နာရီက ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာသား ၃ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီး ဇူလိုင် ၁၈ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (အေအေ) က စစ်ကောင်စီတပ်ကားတစီးအား မိုင်းခွဲတိုက်ခိုက်မှုများအပြီး ဖမ်းဆီးခံခဲ့ရတာပါ။
“မနက်အရုဏ် ၄ နာရီမှာ သူတို့ ၃ ဦးကို စစ်သားတွေ အိမ်ကလာပြီးဖမ်းသွားကြတာပါ။ ဘာအတွက် ဖမ်းလဲတော့မသိပါဘူး” လို့ မိသားစုဝင်တဦးကပြောပါတယ်။
ကြိမ်ချောင်းအုပ်ချုပ်ရေးမှူး ဘုန်ကံနိုင်၊ ဦးထွန်ချေ၊ ကိုအတာတို့အား ကြိုးတုတ်ဖမ်းဆီးပြီး ကြိမ်ချောင်း ၂၄ စခန်းကို ခေါ်သွားတယ်လို့ ဒေသတွေက ပြောပါတယ်။
“တယောက်က ကြိမ်ချောင်းအုပ်ချုပ်ရေးမှူး ဦးထွန်းချေက ကုန်စုံဆိုင်ရောင်းနေတဲ့သူ၊ အတာဆိုတာလည်း သာမန်လက်လုပ်လက်စားတဦးပါ” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်အင်အား ၂၀ ကျော်က သူတို့ ၃ ဦးအား နေအိမ်တွေမှာ တချိန်တည်းတပြိုင်တည်း စီးနင်းဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကြိမ်ချောင်းကျေးရွာနေ ပြည်သူတွေဟာ စစ်ကောင်စီက ထပ်မံဖမ်းဆီးလာမှာကို စိုးရိမ်ပြီး အိမ်ပြင်မထွက်ရဲကြဘူးလို့ သိရပါတယ်။
ပုဏ္ဏားကျွန်းမှာလည်း အရပ်သား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူ နှစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်က ဦးမိုးသီးခိုင်နဲ့ ဦးမောင်ဆန်းတို့ ဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ ရင်းနှီးသူတဦးက ပြောပါတယ်။
“သူတို့ကို မနက် ၄ နာရီလောက်မှာ စစ်သား ၂၀ ကျော်လောက်က လာပြီးဖမ်းသွားတာလို့ သိရတယ်။ သူတို့ကို လာဖမ်းတဲ့အခါ အဲဒီအနီးမှာရှိတဲ့ အိမ်တွေကိုလည်း တအိမ်ဝင် တအိမ်ထွက် အိမ်ထောင်စု စာရင်းတွေရော ဖုန်းတွေကိုပါ စစ်ဆေးခဲ့တာတွေရှိတယ်။ အခုဖမ်းဆီးခံလိုက်ရသူတွေက လက်နက်ကိုင်တွေနဲ့လည်း ဆက်သွယ်နေတာမဟုတ်ဘူး။ မြို့ပေါ်မှာ လူထုအကျိုး ပရဟိတပဲ လုပ်ကိုင်နေကြသူတွေပါ။”
ဇူလိုင် ၁၇ ရက်နေ့ကလည်း စစ်ကောင်စီ လက်အောက်ခံ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေကို ရက္ခိုင်တပ်တော်(အေအေ) ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီက အရပ်သားတွေကို လိုက်လံဖမ်းဆီးနေတာပါ။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦးအား အေအေက ဖမ်းဆီးခဲ့ပြီးနောက် ဒေသခံ ၁၀ ယောက်ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၈ ဦးကို ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားပါတယ်။