Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာကို စစ်တပ်က မီးရှို့၊ ရွာသား ၁၀ ဦးခန့် သတ်ဖြတ်ခံရ
DVB
·
July 20, 2022

စစ်ကောင်စီတပ်က ရုတ်တရက်ဝင်ရောက်စီးနင်း မီးရှို့သွားတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာမှာ မွတ်စလင်အိမ်ခြေ အားလုံးနီးပါး မီးလောင်ပျက်စီးသွားပြီး  အနည်းဆုံး လူ ၁၀ ယောက် သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျီစုရွာကို ဇူလိုင် ၁၈ ရက်မှာ စစ်ကောင်စီတပ်သားတွေ ရဟတ်ယာဉ်နဲ့ရောက်လာပြီး ဗုံးကြဲပစ်ခတ်လို့ ရွာသားတွေ အားလုံးထွက်ပြေးခဲ့ကြရပါတယ်။

ဒေသခံတယောက်က  “သူတို့က ပစ်တော့ လူတွေအားလုံး လွတ်မယ်ထင်ရာ ပြေးကြရတယ်။ အဲဒီမှာ သက်ကြီးပိုင်း ဘာသာရေးဆရာတယောက် သေနတ်မှန်သေသွားတယ်။ ဒလန်လိုက်ပြတဲ့ အိမ်တွေကို မီးရှို့တယ်။ ရွာသားတော်တော်များများကို ဖမ်းပြီး ဘုန်းကြီးကျောင်းကို ခေါ်သွားတယ်။ ဒီမနက်မှာတော့ သူတို့က PDF လို့ စွပ်စွဲတဲ့သူတွေကလွဲပြီး ကျန်တဲ့သူတွေကို ပြန်လွှတ်လိုက်တယ်” လို့ ပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၀ ယောက်ကနေ ၁၃ ယောက်အထိ ရှိတယ်လို့ ဒေသခံတွေက ပြောကြပြီး ပစ်သတ်တာလို့လည်း ပြောကြပေမယ့် အသေးစိတ်အခြေအနေကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဖုန်းနဲ့ အင်တာနက်လိုင်းတွေ မကောင်းတာ၊ ဇူလိုင် ၁၉ ရက် ညပိုင်းအထိ ရွာထဲကို ရွာသားတွေ ဝင်လို့မရသေးတာကြောင့် ရွာရဲ့အခြေအနေ အပြည့်အစုံကို စုံစမ်းလို့ မရသေးတာပါ။

ကျီစုရွာမှာ မွတ်စလင်တွေရဲ့ ဗလီဝတ်ကျောင်း ၂ လုံးနဲ့ ဘာသာရေးစာသင်ကျောင်း ၂ ခုရှိပြီး ကျောင်းတခုကတော့ မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗလီတွေထဲမှာ စစ်တပ်က တပ်စွဲထားတယ်လို့လည်း သိရပြီး ဗလီတွေ မီးလောင်တယ်ဆိုတာ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အခုလုပ်ရပ်ဟာ မွတ်စလင်တွေကို ဦးတည်ပြီး တိုက်ခိုက်သွားတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

“လွန်ခဲ့တဲ့ တလလောက်ကပဲ ရွာကနေ သွားလာလို့ မရအောင် ပိတ်ထားတာ။ အဓိက သွားလာကြရတဲ့ ကာဘိုးရွာဘက်ကို မသွားကြရဘူး။ ဒီနေရာမှာ ကျီစုတရွာပဲ မွတ်စလင်အများရှိတဲ့ရွာ။ ဒါကြောင့် ပို မဲ ခံရတယ်။ ဘာကြောင့် ဒီလိုပြောရလဲဆိုရင် အနီးဝန်းကျင်မှာ ဘယ်ရွာမှာ ဒီလိုလုပ်ခံရတာမရှိဘူး။ ဒီရွာမှာ မွတ်စလင်အိမ် ၈၀၀ လောက်နဲ့ ဗုဒ္ဓဘာသာအိမ် ၂၀၀ လောက်ရှိတယ်။ ဟိုးအရင် မဘသခေတ်မှာကတည်းက အစေးမကပ်ခဲ့တာ။ ခု စစ်တပ်က အာဏာသိမ်းလိုက်တော့ ပိုဆိုးတာပေါ့။ လွန်ခဲ့တဲ့ တလကျော်ကစပြီး ဗုဒ္ဓဘာသာအိမ်တွေက တဖြည်းဖြည်းပြောင်းသွားကြတာ အိမ်‌ခြေ ဆယ်ဂဏန်းပဲကျန်တယ်။ ကျန်တဲ့အိမ်တွေကလည်း ဒလန်လို့ စွပ်စွဲခံရတဲ့အိမ်တွေ။ အခု ဖမ်းဖို့ မီးရှို့ဖို့ လိုက်ပြတာကလည်း သူတို့ဖြစ်နေတယ်။ မွတ်စလင်အိမ်တွေနဲ့ ဗုဒ္ဓဘာသာအိမ်တွေ အများစုက လမ်းခြားနေတော့ အခု မီးရှို့ခံရတဲ့အိမ်အများစုကလည်း မွတ်စလင်အိမ်တွေပဲ။ ခုလည်း နိုင်ငံရေးနဲ့ ဘာသာရေးကို ချိတ်ဆက်လိုက်တာလို့ပဲ မြင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်တပ်နဲ့ ပျူစောထီး၊ ဒလန်တွေဟာ ဒေသခံတွေ ထွက်ပြေးပြီးနောက် အိမ်တွေမှာ ကျန်ခဲ့တဲ့ ဆိုင်ကယ်၊ ကားနဲ့ အဖိုးတန်ပစ္စည်းတွေကို ယူသွားကြပြီးမှ ဇူလိုင် ၁၉ ရက်မှာ ရွာလုံးကျွတ်ကို မီးရှို့လိုက်တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်အထိမှာတော့ ရွာသားတွေဟာ ဘေးလွတ်ရာတောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024