ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ကရင်လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်နေချိန် ဇူလိုင် ၁၈ ရက် နေ့လယ်က စစ်ကောင်စီတပ်သားတယောက် တပ်ကနေ ထွက်ပြေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညနေပိုင်းမှာတော့ အဆိုပါ စစ်သားကို နတ်သံကွင်းကျေးရွာမှာ ပြန်လည်ဖမ်းမိခဲ့ပြီး ရဲစခန်းမှာ ဖမ်းထားတယ်လို့ ဆိုပါတယ်။
ဒေသတွင်းမှာ စစ်ကောင်စီတပ်သားတွေ တပ်ကနေ ထွက်ပြေးတာတွေ လစဉ်လိုလို ဖြစ်နေပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း အခြားအဆင့် ၇ ဦးထွက်ပြေးခဲ့ပေမဲ့ စစ်တောင်းကမ်းနဖူးမှာ ပြန်မိသွားတယ်လို့ သိရပါတယ်။
ကျောက်ကြီးမြို့နယ် ၃၅၁ တပ်ရင်းမှူးဟာလည်း လွန်ခဲ့တဲ့ ၅ လကျော်က CDM ဝင်ခဲ့သလို ၄၃၉ တပ်ရင်း အရာရှိတစ်ဦးကိုလည်း အမိန့် မနာခံမှုနဲ့ စစ်ဆေးနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။