စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း ဇူလိုင် ၁၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ အမြန်ရေယာဉ်တစီး ပစ်ခတ်ခံရတာကြောင့် နစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။’
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကနီမြို့နယ် ရွှေစာရေးဝဲအနီးမှာ လက်နက်ကြီးတွေနဲ့ ပူးပေါင်း ပစ်ခတ်ခဲ့ကြတာကြောင့် နစ်မြုပ်ခဲ့တာလို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
"ရွှေစာရေးဝဲနားမှာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာတွေ ရှိပါတယ်။ ကျနော်တို့ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေ စီးနင်းလာတဲ့ အမြန်ရေယာဉ်တွေထဲက တစီးကတော့ ထိခိုက်ပြီး မြစ်ထဲ မြုပ်သွားတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံးတာရှိ၊ မရှိ အတည်မပြုနိုင်သေးဘူး။”
ဒီကနေ့မှာလည်း ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်တွေနဲ့ သွားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မုံရွာ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ လက်နက်ကြီးတွေ သယ်ဆောင်လာတဲ့ အမြန်ရေယာဉ်တွေအပါအဝင် အမြန်ရေယာဉ် ၁၁ စီးထက်မနည်း စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသကို သွားလာဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။
ကနီမြို့နယ်မှာ မကြာခဏဆိုသလို စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်တွေကတော့ မြို့နယ်အတွင်းက ကျေးရွာတွေကို အကြောင်းမဲ့ မီးရှို့ခဲ့တာတွေ ရှိခဲ့ပါသေးတယ်။