ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှ ထောက်ပို့ပစ္စည်းတွေ ပေးပို့ပြီး ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဇူလိုင် ၁၈ ရက် မွန်းတည့် ၁၂ နာရီလောက် မြဝတီကျေးရွာနဲ့ ဘဒ္ဒါးဒေဝါနဒီ ကျေးရွာအကြားမှာ အေအေက မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့က အရာရှိတဦးအပါအဝင် ၁၁ ဦးအထိ ကျဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဖမ်းဆီးသွားတာကတော့ တပ်ရင်းမှူးတဦးနဲ့ တပ်သားအချို့ကိုတော့ ဖမ်းသွားတယ်လို့ သိရတယ်။ အဲဒီမိုင်းခွဲခံရတဲ့လမ်းကို အခုအထိ ဘယ်သူမှ ဖြတ်မသွားရဲကြသေးပါဘူး” လို့ အမည်မဖော်လိုတဲ့ ကျေးရွာသားတဦးက ပြောပါတယ်။
ကျဆုံးသွားသူတွေကတော့ နယ်ခြားစောင် နခခ ၇ မှ ဒုရဲမှူး ၁ ဦးနဲ့ တခြားတပ်ဖွဲ့ဝင် ၁၀ ဦးဖြစ်ပြီး ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် တပ်သား ၁၄ ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် မြဝတီကျေးရွာသူရွာသားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေဟာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကို ထွက်ပြေးခိုလှုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကားတစီးကို မိုင်းဆွဲခံရပြီးနောက်ပိုင်း မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာအနီးရှိ မင်္ဂလာညွန့်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ရင်းက တောင်ထိပ်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက်ကတည်းက လက်နက်ကြီးပစ်နေတာ အခုအချိန်အထိပဲ။ ညတောင် အိပ်ရမလား မသိတော့ဘူး။ ပစ်နေတာက မင်္ဂလာညွန့် တောင်ကုန်းပေါ်က နယ်ခြားစောင့်တပ်ရင်းက လှမ်းပစ်နေတာပါ”လို့ တမန်းသားဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က မောင်တောမြို့နယ်မြောက်ပိုင်းကို စခခ ၇ မှ တပ်အင်အားဖြည့်နေတာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် မောင်တောမြောက်ပိုင်းဒေသခံ ကျေးရွာသားတွေအနေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။