Home
မြန်မာသတင်း
မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေ၊ အရပ်သား ၁ ဦး ဒဏ်ရာရ
DVB
·
July 18, 2022

ရှမ်း-ကယားနယ်စပ်၊ ရှမ်းပြည်နယ်၊ မိုးဗြဲမြို့မှာ ဒီကနေ့မနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား ၁ ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိပြီး နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

မိုးဗြဲမြို့ထဲကို စစ်ကောင်စီတပ်တွေ မနေ့က ဝင်ရောက်လာပြီတဲ့နောက် ဒီကနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ ဖယ်ခုံ PDF ပြန်ကြားရေး တာဝန်ခံ ကိုဖိုးတုတ်က ပြောပါတယ်။

“စတာက မနက် ၆ နာရီလောက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်တာတွေရှိတယ်။ ၁၂ နာရီလောက်မှာတော့ နှစ်ဖက်အပြန်အလှန်ထိတွေ့မှုဖြစ်တယ်ပေါ့နော်။ အဲဒါတော့ တော်တော်လေး ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ ဘယ်လိုကြောင့်ဖြစ်ရတာလဲဆိုရင် စစ်တပ်က မနေ့က မနက်  ၂ နာရီလောက်ကနေ တပ်ထဲကနေ မြို့ထဲကို သူတို့ ဝင်လာတာပေါ့။ ဝင်လာပြီးတော့ နေရာတော်တော်များများကို နေရာဝင်ယူတယ်။ သူတို့ရှိတဲ့အချိန် အရပ်သားပြည်သူတွေကျတော့ အဆင်မပြေဘူး။ တော်တော်လေးကို စိုးရိမ်ထိတ်လန့်မှုတွေ မြင်ရတယ်ပေါ့။ သူတို့ကို မနေဖို့ ပြောတယ်၊ ဒါပေမဲ့ မရဘူး။ မရတဲ့အခါကျတော့ ကျနော်တို့က ပစ်ခတ်ပြီး မောင်းထုတ်မှပဲ တနည်းပဲ ရှိတော့တာပေါ့နော်။ အဲဒီအတွက်ကြောင့် အပြန်အလှန်ထိတွေ့မှုဖြစ်တယ်လို့ ပြောလို့ရတယ်။”

ဒီကနေ့မနက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးဗြဲမြို စည်ကား ၁ ရပ်ကွက်က ပြည်သူတဦးရဲ့နေအိမ် လက်နက်ကြီးထိမှန် မီးလောင်ခဲ့သလို မွန်းတည့် ၁၂ နာရီလောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားချိန်မှာလည်း အဆိုပါ ရပ်ကွက်က အမျိုးသားတဦး လက်နက်ကြီးထိမှန် ဒဏ်ရာရှိခဲ့ပါတယ်။

ပစ်ခတ်မှုတွေကြောင့် အနီးအနားက ဒေသခံတွေအနေနဲ့ လုံခြုံရာနေရာနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်တိမ်းရှောင်ခဲ့တယ်လို့ သိရပါတယ်။

မိုးဗြဲမြို့၊ မားသားဝေါလ်အနီး၊ ကားရေဆေးစင်နဲ့ ဘုရားကျောင်းမှာ မနက် ၂ နာရီလောက်ကစတင်ပြီး စစ်ကောင်စီတပ်တွေ လှုပ်ရှားနေတာကြောင့် ပြည်သူတွေအနေနဲ့ မြို့တွင်းသွားလာတာတွေ မပြုလုပ်ဖို့ မိုးဗြဲ PDFက ဒီကနေ့မနက်ပိုင်းအစောပိုင်းမှာ သတိပေး ထုတ်ပြန်ခဲ့ပါတယ်။

နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဟာ ညနေပိုင်းမှာ ငြိမ်သက်သွားကာ တိုက်ပွဲကြောင့် မနက်က လမ်းကြောင်းတွေ ပိတ်ခဲ့ရပြီး ညနေမှ ကားတွေ အနည်းငယ် ပြန်လည်သွားလာနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းလောက်မှာလည်း ဒီးမော့ဆိုမြို့နယ် ဒေါရောက်ခူကျေးရွာမှာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာ စာသင်ကျောင်းအိမ်သာ ထိမှန်ခဲ့တယ်လို့ ကျောင်းဆရာတဦးက ပြောပါတယ်။

လက်နက်ကြီးကျည် ကျရောက်ခဲ့မှုကြောင့် စာသင်နေတဲ့ ကလေးတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024